မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့နယ်အနောက်ပိုင်း၊ ဘုရားသုံးဆူကျေးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းလေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က တိုက်လေယာဉ်ဖြင့် မိုးကုတ်မြို့နယ် အနောက်ပိုင်း၊ ဘုရားသုံးဆူကျေးရွာသို့ ဗုံးကျဲချခဲ့ကြောင်း၊ ဗုံး ၂ လုံးကျဲချခဲ့ရာတွင် ၁ လုံးမှာ မပေါက်ကွဲဘဲ ၁ လုံးမှာ ကြက်ခြံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လတ်တလော သတင်းများအရ လူထိခိုက်မှုမရှိဟု သိရှိထားကြောင်း မိုးကုတ်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
“မိုးတွေ ရွာနေတဲ့အချိန် မိုးတွေ ခြိမ်းနေတဲ့အချိန် ဗုံးကျဲချသွားတော့ မိုးခြိမ်းသံလား၊ ဗုံးကျဲတာလား မသဲကွဲဘူးဖြစ်နေတာ။ နောက်မှ လေယာဉ်နဲ့ ဗုံးကျဲတယ်လို့ သိရတာ။ ကြက်ခြံပေါ် ကျရောက်ပေါက်ကွဲတယ်။ ဗုံး ၁ လုံးကတော့ မပေါက်ကွဲဘူးလို့ သိရတယ်” ဟု မိုးကုတ်ဒေသပြည်သူက ရှင်းပြသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၈ မိနစ်အချိန် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားအနောက်၊ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးသို့ စစ်လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အမျိုးသမီး ၁ ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၄ လုံးထက်မနည်း ပျက်စီးသွားကြောင်း သိရှိရသည်။
မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်သဖြင့် ပြည်သူ ထိခိုက်သေဆုံးမှုများ အလွန်များပြားလျက်ရှိသည်။
ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မိုးကုတ်မြို့ ကျပ်ပြင်ဈေး သီလရှင်ကျောင်းအနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ် အရှေ့ပိုင်းသို့ ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဆိုင်ကယ်စီး ခရီးသွား ပြည်သူ ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် ၁ ဦး ပါဝင်ကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြိုအရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၅ ဦး စုစုပေါင်း ၂၁ ဦးသေဆုံးခဲ့ရသည်။
ဩဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မိုးကုတ်မြို့ အရှေ့ပိုင်း ကျောက်နဂါးကျေးရွာ သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၁ စီးဖြင့် ဗုံးကျဲချခဲ့ရာ ကျောက်နဂါး ကျေးရွာ ဘုန်းကြီးကျောင်းသို့ ထိမှန်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့သည်။
ဩဂုတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန် မိုးကုတ်မြို့သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။
အလားတူ စက်တင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင်လည်း စစ်တပ်က တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။



