နပခဌာနချုပ် အသိမ်းခံရသည့်တိုက်ပွဲတွင် သေဆုံး စစ်အရာရှိနှင့်စစ်သည် ၁၀၀၀ နီးပါးရှိသော်လည်း စစ်တပ်က ပျောက်ဆုံးစာရင်းသွင်းပြီး မည်သည့်ခံစားခွင့်မှ မပေး
ရန်ကုန်၊ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် AA က တိုက်ခိုက်သိမ်းပိုက်ထားသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်ထိန်လင်းအောင် သေဆုံးခဲ့မှုကို ယခုစက်တင်ဘာလ ၉ လကျော်ကြာမှသာကျန်ရစ်သူ မိသားစုထံသို့ စစ်တပ်က တရားဝင်စာပေးပို့ အကြောင်းကြားလာကြောင်း မိသားစုနှင့်နီးစပ်သော မိတ်ဆွေများက ပြောဆိုသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဗိုလ်ထိန်လင်းအောင်သည် ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အသိမ်းခံရသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်သော်လည်း အလောင်းပြန်မရကြောင်း၊ ထို့ကြောင့် စစ်တပ်က ပျောက်ဆုံးစာရင်းသွင်းထားခဲ့ပြီး ယခု စက်တင်ဘာလရောက်ရှိချိန် ၉ လကျော်ကြာမှသာ သေဆုံးသွားသည်ဟု စစ်တပ်က ကျန်ရစ်သူ မိသားစုထံသို့ အကြောင်းကြားလာခြင်းဖြစ်သည်ဟု သိရှိရသည်။
“သေဆုံးတာ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အသိမ်းခံရတော့ ကျဆုံးတာပါ။ အခုမှ မိသားစုကို စာပို့ပြီး သေဆုံးကြောင်း တရားဝင် အသိပေးတာ။ ၉ လကျော်ကြာမှ အသိပေးတာပါ” ဟု ကျန်ရစ်သူမိသားစုနှင့်နီးစပ်သူက ပြောဆိုသည်။
ဗိုလ်ထိန်လင်းအောင်သည် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်း အပတ်စဉ် ၁၅ ကျောင်းဆင်းဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်အင်ဂျင်နီယာ အရာရှိတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်ထိန်လင်းအောင် သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအနေဖြင့် အလောင်းပြန်လည် မရရှိသည့်အပြင် အသက်အာမခံကြေး၊ သက်စွန့်စရိတ် အပါအဝင် ခံစားခွင့်များလည်း မရရှိကြောင်း သိရှိရသည်။
အမ်းမြို့ အခြေစိုက် နပခဌာနချုပ် အသိမ်းခံရသည့်တိုက်ပွဲတွင် သေဆုံး စစ်အရာရှိနှင့်စစ်သည် ၁၀၀၀ နီးပါး ရှိသော်လည်း စစ်တပ်က ပျောက်ဆုံးစာရင်းသွင်းပြီး မည်သည့်ခံစားခွင့်မှ မပေးဘဲ ထားရှိထားကြောင်း ကျန်ရစ်သူစစ်တပ် မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်ခဲ့စဉ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း အပါအဝင် စစ်အရာရှိများနှင့် စစ်သုံ့ပန်း ရာချီ၍ AA အရှင်လက်ရ ဖမ်းဆီးရရှိခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



