ရန်ကုန်၊ စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်တပ်နှင့် SNA တပ်များက မြို့ပြင် အနောက်ဘက်ခြမ်းတွင် စုဖွဲ့ကာ ပြန်လည် ထိုးစစ်ဆင်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်နှင့် ရှမ်းနီ SNA တပ်များက ဗန်းမောက်မြို့ထဲမှ ဆုတ်ခွာ ထွက် ပြေးသွားကြောင်း၊ ယင်းသို့ ဆုတ်ခွာ ထွက်ပြေးချိန်တွင် မြို့နေပြည်သူများကို လူသားဒိုင်းကာအဖြစ် စစ်တပ်နှင့် SNA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက် စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် မြို့ပြင် အနောက်ဘက်ခြမ်းတွင် စစ်တပ်နှင့် SNA ရှမ်းနီတပ်များက ပြန်လည် စုဖွဲ့ကာ ဗန်းမောက်မြို့ကို ပြန်လည် ရရှိရေး ထိုးစစ်ဆင်လာကြောင်း သိရှိရသည်။
” ဗန်းမောက်မြို့ အနောက်ဘက်အခြမ်းကို SNA နဲ့ စစ်တပ်က ဆုတ်ပြေးတာ။ ပြေးတုန်းမှာ ပြည်သူတွေကို ဒိုင်းကာ အဖြစ် ခေါ်သွားတယ်။ ပြည်သူတွေ ရှိတော့ ဒီဘက်က တော်လှန်ရေးတပ်တွေက နောက်ကို လိုက်မတိုက်တော့ဘူး။ အခု အနောက်ဘက်အခြမ်းကနေ မြို့ကို ပြန်ဝင်ဖို့ သူတို့ ကြိုးစားနေကြတယ်။ အခုအခြေအနေက ဘာမှ မပြောနိုင်သေးဘူး” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမောက်မြို့ပေါ်မှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြကြောင်း၊ စစ်တပ်နှင့် SNA က အနည်းဆုံး ပြည်သူ ၃၀၀ ကျော်ခန့်ကို လူသားဒိုင်းကာအဖြစ် ဆုတ်ခွာချိန် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဗန်းမောက်မြို့ တစ်မြို့လုံးအနေဖြင့် စစ်ဘေးရှောင် ၁၅၀၀ ကျော်ရှိကြောင်း သိရှိရသည်။
“မြို့နေ ပြည်သူတွေကတော့ အနောက်ဘက်ကို ပြေးတဲ့သူကလည်းပြေးတယ်။ တချို့လည်း တောတောင်တွေထဲ ပြေးကြတာလည်းရှိတယ်။ စုစုပေါင်း စစ်ဘေးရှောင်က ၁၅၀၀ လောက်တော့ရှိတယ်။ အခုက တိုက်ပွဲက ပြန်ဖြစ်နေတယ်” ဟု စစ်ဘေးရှောင်ကူညီရေး ဆောင်ရွက်နေသူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် စစ်တပ်က ဗန်းမောက်မြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံးများကျဲချပြီး ပြည်သူများနေအိမ်များကို ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း၊ တော်လှန်ရေးတပ်များ ရှိသည်ဟု ထင်သော မြို့ပေါ် နေရာများကို စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲချခြင်းနှင့် ကင်းထောက်ခြင်းများ တောက်လျှောက် ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
