တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို သွားရောက် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဇုန် ၄ မှ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာတွင် တပ်စွဲထားသော စစ်သားများကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဇုန် ၄ မှ တော်လှန်ရေးတပ်ဖွဲ့များက ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေး ထိခိုက်သေဆုံးမှုကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး။ စစ်ခွေး ၄ ကောင်တော့ ထိခိုက်ဒဏ်ရာရပါတယ်” ဟုတနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုသည်။
တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေး အခြေအနေများအရ ဒေသ ပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာ နေထိုင်ပေးကြပါရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို ရှေးရှု၍ မေတ္တာရပ်ခံကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုထားသည်။
