ရန်ကုန်၊ စက်တင်ဘာ ၂၃
မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များအားလုံးတွင် စစ်တပ်ကိုယ်စားလှယ် ၁ ဦးကို ထည့်သွင်းဖွဲ့စည်းရမည်ဟု မင်းအောင်လှိုင်က ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီး ယင်းညွှန်ကြားချက်မှာ နောင်လာမည့် အစိုးရအဆက်ဆက် ကျင့်သုံးရမည်ဖြစ်ကြောင်း စစ်တပ်၏ ထုတ်ပြန်ချက်နှင့် နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။
ဇူလိုင်လ ၃၀ ရက်နေ့ စစ်ကောင်စီက မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ကို ညွှန်ကြားချက်အမှတ် ၄ /၂၀၂၅ ဖြင့် ထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားချက်မှာ နိုင်ငံတစ်ဝန်း မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ အကောင်အထည်ဖော်ရာတွင် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ငန်းစဉ်များအားလုံးကို သတ်မှတ်ပေးထားကြောင်း၊ ထူးခြားချက်အနေဖြင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များအားလုံးတွင် စစ်တပ်ကိုယ်စားလှယ် ၁ ဦးကို ထည့်သွင်းဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရှိရသည်။
“မြို့ပြ အုပ်ချုပ်ရေး အမိန့် ညွှန်ကြားချက်ထုတ်တာပါ။ ဥပဒေလည်းမဟုတ်တော့ နောင်တင်လာမယ့် အစိုးရတွေက မပယ်ဖျက်ရင် မပျက်ဘူး။ ဥပဒေဆိုရင်တော့ လွှတ်တော်က အတည် ပြု ပြင်ဆင်တာ ဖျက်သိမ်းတာလုပ်လို့ရတယ်။ ညွှန် ကြားချက်ကတော့ နောင်အစိုးရအဆက် ဆက်က မပယ်ဖျက်ရင် အမြဲ ကျင့်သုံးရမယ့် ညွှန်ကြားချက် ဖြစ်မှာ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
မင်းအောင်လှိုင်ထုတ်ပြန်ခဲ့သော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့များတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ အဖြစ် ထွေ/အုပ်အရာရှိကလည်းကောင်း၊ စစ်တပ်ကိုယ်စားလှယ် ၁ ဦး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်လ၀က ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူ ၁ ဦးတို့က အဖွဲ့ဝင်များ အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးကမူ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့များတွင် အဖွဲ့ဝင် ၇ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
လတ်တလောတွင်လည်း စစ်တပ်က တစ်နိုင်ငံလုံးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ယင်းအဖွဲ့များတွင် ဗိုလ်မှူးများကို အုပ်ချုပ်ရေးအဖွဲ့ဝင်များအဖြစ် ခန့်အပ်ခဲ့သည်ကို မြင်တွေ့ရသည်။



















