24.2 C
Yangon

ထိုင်း-မြန်မာနယ်စပ် လေးကေ့ကော်တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်နေချိန် ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက် ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲသဖြင့် ထိုင်းက ကန့်ကွက်သတိပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊မြ၀တီမြို့နယ် လေးကေ့ကော်တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်နေချိန် ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက် ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲသဖြင့် ထိုင်းက ကန့်ကွက်သတိပေးကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်သည် ထိုင်းမြေပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ထိုင်းစစ်တပ်နှင့်အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ အဆိုပါ လက်နက်ကြီးကို မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုမသိရှိသော်လည်း ထိုင်းဘက်က မြန်မာဘက်သို့ ကန့်ကွက်သတိပေးထားကြောင်း သိရှိရသည်။

မြန်မာစစ်တပ်က အာရှလမ်းမကြီးကို ထိန်းချုပ်ပြီးနောက် မြ၀တီမြို့တွင် အခိုင်အမာတပ်စွဲထားကြောင်း ၊ ယင်းနောက် လေးကေ့ကော် အပါအဝင် မြ၀တီမြို့နယ်အတွင်းရှိ KNLA နှင့်တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော နယ်မြေများနှင့် စခန်းများကို အပြင်းအထန် ထိုးစစ်ဆင်လာကြောင်း၊ ထိုးစစ်အတွင်း စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲခြင်းများကို တောက်လျှောက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

“စက်တင်ဘာလ ၂၀ နဲ့ ၂၁ လောက်ကတည်းက စစ်ကြောင်းတွေထိုးလာ ပြီး လေးကေ့ကော်တက်လာတာ။ စစ်သားတွေ တော်တော်ကို သေနေတာ။ ဒါပေမယ့် ရှိတဲ့လူတွေနဲ့ကို ထပ်ထပ်ပြီးတော့ကို တိုးနေတာ။ လုံး၀ လျှော့မသွားဘူး” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်အချိန်မှ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်အထိ မြဝတီမြို့နယ်၊ လေး ကေ့ကော်မြို့သစ်ဘက်သို့ အကြမ်းဖက် စစ်တပ်က Y-12 လေ ယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲကာ မြ၀တီမြို့စောင့်တပ် ခမရ ၂၇၅ တပ်ရင်းကလည်း ၁၂၂ မမ လက် နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ပြီးနောက် BGF တပ်ဖွဲ့၏ လမ်းပြ မှုဖြင့် စစ်တပ်က ခြေလျင်စစ်ကြောင်းအင်အားအများအပြားအသုံးပြုပြီး စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

လက်ရှိ မြ၀တီမြို့နယ်အတွင်းသို့ စစ်တပ်က ထိုးစစ်ဆင်ရာတွင် အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သားသစ်များကို အဓိက အသုံးပြုနေခြင်းဖြစ်ပြီး စစ်မှုထမ်းတပ်သားသစ်များကို မူးယစ်ဆေးဝါးများ ကျွေးကာ လူလှိုင်းလုံးဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ဓာတ်ပုံ- ထိုင်းဘက်သို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်ကို ထိုင်းအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article