ရုရှားနိုင်ငံတွင်ရောက်ရှိနေသည့် အကြမ်းဖက် မင်းအောင်လှိုင်က နိုဗာစီဗစ်မြို့ အုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovichကို လက်ဖက်သုပ်နှင့် ငါးသလောက်ပေါင်း သွားကျွေးပြီး လက်ဖက်ရည်တိုက်ခဲ့ကြောင်း အကြမ်း ဖက်စစ်တပ်က သတင်းထုတ် ပြန်သည်။
စက်တင်ဘာလ ၂၄ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ခွာသွားသော မင်းအောင်လှိုင်က ရုရှားနိုင်ငံ၊ နိုဗာစီဗစ်မြို့တွင် ခရီးတစ်ထောက်အဖြစ် ခဏရပ်နားခဲ့ကြောင်း၊ ထိုသို့ ရပ်နားစဉ် မင်းအောင်လှိုင်ကို လာရောက် ကြိုဆိုသော နိုဗာစီဗစ်မြို့ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကို မြန်မာရိုးရာအစားအစာဖြစ်သည့် ငါးသလောက်ပေါင်း၊ လက်ဖက်ရည်နှင့် လက်ဖက်သုပ်တို့ကို လေဆိပ်တွင်ပင် မင်းအောင်လှိုင်က ကျွေးမွေးခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှ အသင့်ပြင်ဆင်လာသည့်မြန်မာ့ရိုးရာ အစားအစာဖြစ်သည့်လက် ဖက်အုပ်၊ လက်ဖက်ရည်၊ အသင့်ချက်ပြုတ်လာသည့်ငါးသလောက်ပေါင်းတို့ဖြင့် တည်ခင်းဧည့်ခံ ခဲ့ရာ နိုဗာစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မြိန်ယှက်စွာသုံးဆောင်ခဲ့ကြပြီး မင်းအောင်လှိုင်က မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်ဟု စစ်တပ်က သတင်းထုတ်ပြန်ထားသည်။
မင်းအောင်လှိုင်က ရုရှားနိုင်ငံ မော်စကိုတွင် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်မည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် – ၂၀၂၅ အခမ်း အနားသို့ သွားရောက် တက်ရောက်နေခြင်းဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


