ရန်ကုန်၊ စက်တင်ဘာ ၂၆
နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ မဲဆွယ်ဟောပြောစည်းရုံးရာတွင် စစ်တပ် ပြိုကွဲရေးနှင့် စစ်တပ်၏ ဂုဏ်သိက္ခာ ထိခိုက်စေမှုများ မလုပ် ဆောင်ရန် နှင့် လိုက်နာရမည့် အချက် ၉ ချက်ကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ထုတ် ပြန်သည်။
အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၂၅ ရက်နေ့တွင် နိုင်ငံရေးပါတီများအတွက် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်တွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ကန့်သတ်တားမြစ်ချက်များကို ထုတ်ပြန်လာခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများအနေဖြင့် ဟောပြောတင်ပြရာတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့် ဟောပြောမှုများ မပြုလုပ်ရန်၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဟောပြောမှုများ မပြုလုပ်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာမှုမရှိသော ဟောပြောမှုများ မပြုလုပ်ရန်၊ နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန်ဟောပြောမှုများ မပြုလုပ်ရန် တို့ တားမြစ်ထားသည်။
ထို့ပြင်စစ်တပ်ပြိုကွဲရေး ဖြစ်ပေါ်စေရန် သို့မဟုတ် စစ်တပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောခြင်းမပြုလုပ်ရန်၊ လူမျိုးရေး၊ ဘာသာရေး နှင့် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် ၊ သိက္ခာနှင့် ကိုယ်ကျင့်တရား ထိခိုက်စေနိုင်သည့် ဟောပြောမှု ၊ စည်းရုံးလှုံ့ဆော်ခြင်း မပြုလုပ်ရန်၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား ပြုသော ဟောပြောမှုများ မပြုလုပ်ရန်၊ ပညာသင်ကြားခြင်းကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော် ဟောပြောမှုများ မပြုလုပ်ရန်၊ နိုင်ငံ့ဝန် ထမ်းများ ယင်းတို့၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရကို ဆန့်ကျင် ဆန္ဒပြစေရန် သွေးထိုး လှုံ့ဆော်ဟောပြောမှုများ မပြုလုပ်ရန် တားမြစ်ထားသည်။
စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ၏ ဟောပြော စည်းရုံးမှု စာမူများကို စိစစ်မည်ဖြစ်ပြီး ပြင်ဆင်ရေးသားစေခြင်း၊ ခွင့်ပြုမိန့် ထုတ်ပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
