ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ပင်ပေါရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်ပေါကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ကျေးရွာနေ ပြည်သူ ဦးဆန်လွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နီနီနှင့် သမီးဖြစ်သူ မဆုနဒီလွင်တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ကျောင်းဆောင်နှင့် ဆွမ်းစားဆောင်တို့ ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ပုလောမြို့နယ်၊ ကဝက်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ ခလရ-၂၈၅ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူ အသက် ၆၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

