24.7 C
Yangon

မိုင်းလုံမြို့၊ ပန်သပြေရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် နေအိမ် ၂၀ လုံး ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်၊ မိုင်းလုံမြို့၊ ပန်သပြေရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ် ၂၀ လုံး ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် မိုင်းလုံမြို့၊ ပန်သပြေကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဘုန်းကြီးကျောင်းနှင့် နေအိမ် ၂၀ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ပန်သပြေရွာရှိ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ပါပုတ်ကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၆၁ နှစ်အရွယ် အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး နေအိမ် ၁ အိမ်လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်မြို့နယ်အတွင်းကို လေကြောင်း၊ လက်နက်ကြီး၊ အသေခံဒရုန်းများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၀ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ကျောင်းဆောင် ၁ ဆောင်နှင့် ကား ၁ စီး ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article