ရန်ကုန်၊ အောက်တိုဘာ ၁
ရိုဟင်ဂျာများအပါအဝင် မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခ ဆင်းရဲများကို သိရှိနားလည်လျှင် စစ်တပ်ကို ထောက်ခံမှု မပေးရန်နှင့် စစ်တပ်၏ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်ကြရန် နိုင်ငံတကာသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်သည်။
စက်တင်ဘာလ ၃၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ၊ ကုလသမဂ္ဂဌာနချုပ်အဆောက်အအုံတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များနှင့် အခြားသော လူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့် ကွန်းဖရင့် (High-level Conference on the Situation of Rohingya Muslims and Other Minorities) တွင် ၎င်းက အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရိုဟင်ဂျာ မွတ်ဆလင်များ၏ အခြေအနေသည် ကာလကြာမြင့်စွာ ဖြစ်ပေါ်နေပြီး ကြီးလေးသော လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းကို ဖော်ပြလျက်ရှိကြောင်း၊ လက်ရှိအခြေအနေ၌ စစ်တပ်က ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားကို လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်း လုံခြုံစွာ၊ သိက္ခာရှိစွာ၊ ဆန္ဒ အလျောက် ပြန်လည်သွားရောက်နိုင်ရေးအတွက် အချိန်တိုအတွင်း ဖြစ်လာနိုင်မည့် အလားအလာ မည်သို့မျှ မတွေ့မြင်ရကြောင်း ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ရိုဟင်ဂျာအရေးအတွက် မူဝါဒရပ်တည် ချက်ကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ရိုဟင်ဂျာအရေးကိစ္စ ဖြေရှင်းရေးကို အစိုးရမှ လျှောက်လှမ်းနေသည့် ပင်မ ပန်းတိုင်၏ တစိတ်တပိုင်းအဖြစ် ကတိကဝတ်ပြုထားကြောင်း၊ နေရပ်ပြန်လည်သွားရောက်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် ဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရေးအတွက် စစ်အာဏာရှင်စနစ်နှင့် အရပ်သားပြည်သူလူထုအပေါ် ၎င်းတို့ ကျူးလွန်နေသည့် ရက်စက် ကြမ်းကြုတ်မှုများအား ချုပ်ငြိမ်းရေးတို့ကို ဦးစွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ရိုဟင်ဂျာများအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံး ခံစားနေရသည့် ဒုက္ခ ဆင်းရဲများကို ကောင်းစွာ သိရှိနားလည်ပြီးဖြစ်သဖြင့် စစ်တပ်အား နိုင်ငံရေး၊ စစ်ရေးနှင့် ငွေကြေးအရ ထောက်ခံမှု မပေးရန်နှင့် ၎င်းတို့ စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဝိုင်းဝန်း ဆန့်ကျင် ကန့်ကွက်ကြရန် နိုင်ငံတကာအသိုက်အဝန်းကို အကြံပြုလိုကြောင်း၊ ရိုဟင်ဂျာ မွတ်စလင်များနှင့် အခြားသော လူနည်းစုများ၏ အခြေအနေအား ဖြေရှင်းရာတွင် ပြဿနာ၏ ဇစ်မြစ်အား မဖြေရှင်းဘဲ မဖြစ်နိုင်ကြောင်း၊ စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့ မတရား သိမ်းယူထားသည့် အာဏာနှင့် ၎င်းတို့ အစဉ်တစိုက် အကျိုးခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက သတိပေးသည်။
စစ်တပ်၏ အတင်းအကျပ် စစ်မှုထမ်း ခိုင်းစေခြင်းကလည်း ရိုဟင်ဂျာ မိသားစုများနှင့် အခြားသော လူနည်းစု များ အပါအဝင် အိမ်ထောင်စု အားလုံးအတွက် ခြိမ်းခြောက်မှုဖြစ်နေကြောင်း၊ အပြည်ပြည် ဆိုင်ရာ မှုခင်းကွန်ယက်များသည်လည်း မြန်မာနိုင်ငံတွင် လုံခြုံသည့်ရပ်ဝန်းအား ခြေကုပ်ယူထား ကြောင်း၊ ရိုဟင်ဂျာအကျပ်အတည်းအတွက် စစ်မှန်ရိုးရှင်းသော၊ အားလုံးပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ ကသာလျှင် အလားအလာ ကောင်းမွန်သော၊ ရေရှည်တည်တံ့သော ဖြေရှင်းနည်းကို ဆောင်ကြဉ်း ပေးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားသော လူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့် ကွန်းဖရင့် သို့ ကုလသမဂ္ဂ အထွေ ထွေညီလာခံ သဘာပတိ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးမှ Chef de Cabinet၊ Women Peace Network-Myanmar တည်ထောင်သူနှင့် အမှုဆောင်ညွှန်ကြားရေးမှူး မဝေဝေနု၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ Arakan Youth Peace Network တည်ထောင်သူ Mr. Rofik Husson၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi၊ Refugee Women for Peace and Justice ၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Lucky Karim၊ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Mr. Volker Türk၊ Rohingya Students Network တည်ထောင်သူ Mr. Maung Sawyeddollah နှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စာလှယ် H.E. Mr. Othman Hashim တို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


