ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ကမ်းပြိုကြီးရွာတွင် စစ်မှုထမ်းကြေး လာကောက်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ကမ်းပြိုကြီးရွာတွင် စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာသော အင်အား ၂၀ ကျော်ပါ စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ ရဲဘော်များက သဲကောဆည်လမ်းဆုံ၌ စောင့်ကြို၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၄၀ ခန့်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာက တပ်ပျက်ပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်သား ၁ ဦး ၊ ရဲ ၁ ဦး၏ ရုပ်အလောင်းနှင့် G-3 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၄၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၁ ချောင်း၊ ဘတ်တံဆိပ် ၂ ခု၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၂၈၀၀၀ကျပ် နှင့် မှတ်ပုံတင်ကတ် ၁ ခု တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေ တော်တော်အထိနာပြီး ပြန်လည် ဆုတ်ခွာသွားပါတယ်။ အဲခွေးတွေက ကမ်းပြိုကြီးရွာမှာ စစ်မှုထမ်းကြေး လာကောက်တာကို ကျနော်တို့ ရဲဘော်တွေ စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ ပစ်ခတ်တဲ့ ၄၀ မမ ဗုံးသီး ထိမှန်ပြီး စစ်ခွေး ၂ ကောင်ကတော့ ပွဲချင်းပြီးသေတယ်။ စစ်ခွေးသေဆုံးမှု အရေအတွက် ပိုများနိုင်တယ်။ ကျနော်တို့ ရှင်းလင်းရေး လုပ်နေတုန်းမှာ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်လို့ ပြန်လည် ဆုတ်ခွာခဲ့ရတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိအချိန်တွင် အထိနာသွားသော အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ကအသိပေး ပြောဆိုထားသည်။
(Facebook ၏ စည်းမျဉ်းများအရ Graphic Violence ဖြစ်နိုင်သော ဗီဒီယိုများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှု့နိုင်ပါသည်။)



