33.5 C
Yangon

ဒုတိယ နိုဘယ်ဆုသဖွယ် တင်စားကြသည့် Right Livelihood ဆု Justice For Myanmar ရရှိခဲ့မှုအပေါ် နိုင်ငံတကာမီဒီယာများ ဂုဏ်ပြုဖော်ပြ

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

မြန်မာစစ်အုပ်စုကို သက်ဆိုးရှည်စေရန် အားပေးကူညီနေသည့် ငွေကြေးကွန်ရက်များအား ဖြိုဖျက်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများကို အလေးထား အသိအမှတ်ပြုသည့်အနေဖြင့် Justice For Myanmar အဖွဲ့အား ၂၀၂၅ ခုနှစ်အတွက် ဂုဏ်သိက္ခာကြီးမားသော Right Livelihood Award ဆု ပေးအပ်ချီးမြှင့်ခဲ့မှုအပေါ် နိုင်ငံတကာမီဒီယာများက ဂုဏ်ပြုဖော်ပြခဲ့ကြသည်။

Right Livelihood ဆုကို ၁၉၈၀ ခုနှစ်တွင် တောင်ကမ္ဘာခြမ်းမှ အပြောင်းအလဲဖော်ဆောင်သူများကို မီးမောင်းထိုးဖော်ပြရေးအတွက် ဂုဏ်ပြုချီးမြှင့်နိုင်ရန် ဆုအမျိုးအစားအသစ်နှစ်မျိုး ဖန်းတီးထည့်သွင်းပေးအပ်ရေး တောင်းဆိုမှုအပေါ် နိုဘယ်ဖောင်ဒေးရှင်းက ကန့်ကွက်ခဲ့ပြီးနောက် စတင်တည်ထောင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ Right Livelihood Award သည် ယခုအခါတွင် နိုဘယ်ဆုအပြီး ဒုတိယ ဂုဏ်သိက္ခာအကြီးမားဆုံးဆုအဖြစ် ကမ္တာတဝန်းလက်ခံထားသည့် အထင်ကရ ဆုတခုဖြစ်လာခဲ့သည်။

Right Livelihood Award ကို လူသားအားလုံးအတွက် တရားမျှတ၍၊ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သောကမ္ဘာ တစ်ခုဆီ ဦးတည်ကြိုးပမ်းနေကြသော ရဲရင့်သည့်လူပုဂ္ဂိုလ်များအား ဂုဏ်ပြုပံ့ပိုးကူညီသည့်အနေဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး၊ ဆုစတင်ချီးမြှင့်ခဲ့သည့် သက်တမ်း ၄၅ နှစ်အတွင်း နိုင်ငံပေါင်း ၈၁ နိုင်ငံမှ ဆုရရှိသူ ၂၀၃ ဦးကို ဆုချီးမြှင့်ခဲ့ပြီးလည်းဖြစ်သည်။

အဆိုပါဆု ချီးမြှင့်ခဲ့မှုနှင့် ပတ်သက်၍ Justice For Myanmar သည် “ငွေကို ခြေရာခံလိုက်နည်း” မှုခင်းနည်းပညာသုတေသနများကို အသုံးပြုဖော်ထုတ်ခဲ့မှုများကြောင့်၊ ကမ္ဘာတဝန်း စစ်အုပ်စုနှင့် ၄င်းတို့ဆက်စပ် စီးပွားရေးလုပ်ငန်းအများအပြားသည် နိုင်ငံတကာအစိုးရများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံရခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရုပ်သိမ်းခံရခြင်းများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ထိုသို့ JFM ၏ ကြိုးစားလုပ်ဆောင်နေမှုများအတွင်း ၎င်းတို့၏ “ရှေ့ဆောင်ဆန်းသစ်သော စုံစမ်းသုတေသန နည်းနာများနှင့် ရဲစွမ်းသတ္တိများ”အတွက် Right Livelihood ဆုကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

Right Livelihood ဆု ရရှိခဲ့အပြီး၊ JFM က “ဤဆုသည် ကမ္ဘာကြီးက စောင့်ကြည့်နေကြောင်းနှင့် မြန်မာပြည်သူများအား မေ့လျော့ထားလိမ့်မည် မဟုတ်ကြောင်းကို မြန်မာစစ်အုပ်စုနှင့် ၎င်းတို့အား အားပေးထောက်ခံနေသူများထံ ရှင်းလင်းသည့် သတင်းစကားတစ်ရပ် ပါးလိုက်ခြင်း” ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ယခုအချိန်သည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး၊ စစ်အုပ်စု၏ ဘဏ္ဍာငွေကြေး အသက်သွေးကြောများ၊ စစ်လက်နက်နှင့် လောင်စာဆီလမ်းကြောင်းများကို ဖြတ်တောက်ကာ ၎င်းတို့အား ကျားကန်ထောက်ပံ့ပေးနေသူများကို အရေးယူ တာဝန်ခံစေရမည့် အချိန်ဖြစ်ကြောင်းနှင့် မိမိတို့ စုစည်းလုပ်ဆောင်နိုင်ပါက စုပေါင်းအားဖြင့် မြန်မာစစ်ရာဇဝတ်ဂိုဏ်းအား အပြီးသတ် ဖြိုဖျက်ချေမှုန်းနိုင်ကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article