ရန်ကုန်၊ အောက်တိုဘာ ၅
တရုတ်၏ ပံ့ပိုးမှုမရှိဘဲ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် အာဏာ ဆက်မထိန်းထားနိုင်တော့သဖြင့် အကြမ်းဖက်မြန်မာစစ်အုပ်စုကို ထောက်ခံနေမှုအပေါ် ပြန်လည်စဉ်းစားရန် နယူးဇီလန် လွှတ်တော်အမတ် Phil Twyford က တရုတ်ကို တိုက်တွန်းလိုက်သည်။
အောက်တိုဘာလ ၄ ရက်နေ့ နယူးဇီလန်လွှတ်တော်တွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကြားနာစဉ် လေဘာပါတီမှ နယူးဇီလန် လွှတ်တော်အမတ် Phil Twyford က ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
လက်ရှိ အကြမ်းဖက် မင်းအောင်လှိုင်၏ အခြေအနေမှာ တရုတ်နိုင်ငံ၏ ပံ့ပိုးမရှိဘဲ အာဏာကို ဆက်လက် ထိန်းထားနိုင်ခြင်းနှင့် ဆက်လက်ရရှိနိုင်ခြင်း မရှိတော့ကြောင်း၊ မင်းအောင်လှိုင်နှင့်စစ်တပ်ကို တရုတ်က ထောက်ခံနေခြင်းမှာ မြန်မာစစ်တပ်က ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများတွင် တရုတ်က ပါဝင်နေခြင်းဖြစ်ကြောင်း၊ ယင်းသို့ ပါဝင်နေခြင်းမှာ အင်အားကြီး လေးစားဖွယ်ဖြစ်သော နိုင်ငံကြီးတစ်ခု၏ အပြုအမူမဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။
“စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ဟာ တရုတ်ရဲ့ ပံ့ပိုးကူညီမှု မရှိဘဲနဲ့ အာဏာကို ရနိုင်တော့မှာမဟုတ်ပါဘူး။ ဒါဟာ မင်းအောင်လှိုင်ရဲ့ စစ်ရာဇဝတ်မှု လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ တရုတ်က ပါဝင်နေတာဖြစ်ပါတယ်။ အဲဒါကတော့ အင်အားကြီးမားပြီး လေးစားစားရတဲ့ နိုင်ငံကြီးတစ်ခုရဲ့ အပြုအမူတော့မဟုတ်ပါဘူး။ ကျနော်အနေနဲ့ တရုတ်ကို ပြောချင်တာက မင်းတို့ရဲ့ နယ်စပ်ဒေသမှာ တည်ငြိမ်မှု လိုချင်တယ်ဆိုရင် ၊ မင်းရဲ့ အခြေခံ အဆောက်အအုံ လမ်းကြောင်းကို ကာကွယ်ချင်တယ်၊ သဘာ၀သယံဇာတတွေကို အသုံးပြုခွင့်ရချင်တယ်ဆိုရင် ၊ ဒါတွေက တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ် လစီ ပန်းတိုင်တွေဆိုရင် ဒီမုန်းတီးစရာ ကောင်းတဲ့စစ်တပ်အတွက် မင်းရဲ့ထောက်ခံမှုဟာ မင်းရည်မှန်းချက်တွေကို ဖြစ်စေနိုင်ပါ့မလားဆိုတာကို ငါသံသဖြစ်မိပါတယ်။ တရုတ်နိုင်ငံကို ကျနော်တို့ ပြောချင်တာက မင်းတို့ဟာ ကမ္ဘာပေါ်မှာ အလွန်အဆိုးရွားဆုံး စစ်အာဏာရှင်တွေကို ထောက်ပံ့ပေးနေသူဖြစ်ပါတယ်” ဟု နယူးဇီလန် လွှတ်တော်အမတ် Phil Twyford က ပြောဆိုသည်။
လက်ရှိတွင် စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံသည် စနစ်တကျ ရာဇဝတ်မှုများ ကျူးလွန်နေသော နိုင်ငံ၊ ကမ္ဘာကြီးကို လိမ်လည်လှည့်ဖြားနေသော ကျားဖြန့်စင်တာကြီး၊ တရားမဝင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာနေရာကြီးဖြစ်လာနေကြောင်း၊မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် တည်ငြိမ်မှုရှိသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လမ်းကြောင်း ပေါ် ပြန်လည်ရောက်ရှိမှသာ တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကို ရရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထောက်ပြထားသည်။
“စနစ်တကျ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ၊ ကမ္ဘာကြီးကို လိမ်လည်လှည့်ဖြားနေတဲ့ ကျားဖြန့် စင်တာတွေ၊ ကမ္ဘာကြီးဆီကို တရားမဝင် မူးယစ်ဆေးဝါး ဖြန့်ချိနေမှုတွေ ၊ အာရှမှာ အတင်းအကျပ် နေရပ်စွန့်ခွာ ရွှေ့ပြောင်းစေတဲ့ အရင်းအမြစ်နေရာက မြန်မာနိုင်ငံဖြစ်လာနေပါတယ်။ တည်ငြိမ်မှုရှိတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ပြန်လည် သွားမှသာ မင်းတို့ရဲ့ ရည်မှန်းချက်တွေနဲ့ ပိုပြီး သင့်တော်ပါလိမ့်မယ်” ဟု နယူးဇီလန် လွှတ်တော်အမတ် Phil Twyford က တရုတ်နိုင်ငံကို တိုက်တွန်းပြောဆိုသည်။
