ရန်ကုန်၊ ဇွန် ၂၁
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ပေါ်၊ မြို့မစျေးတွင် ဖွင့်လှစ်ထားသော မြမြင့်မိုရ်ရွှေဆိုင်၏ ပိုင်ရှင် ဦးဝင်းလွင်ကို လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်းများ လုယူသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကြို့ပင်ကောက်မြို့၊ စျေးချိုမြောက်ရပ်ကွက်၊ မြို့မစျေးအနီးရှိ မြမြင့်မိုရ်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မျက်နှာဖုံးစွပ်ထားသည့် လက်နက်ကိုင်အဖွဲ့ဝင်များ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးဝင်းလွင်သည် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ပစ်ခတ်မှုမဖြစ်ပွားမီ ရက်ပိုင်းအလိုက မြို့ပေါ်တွင် ကျင်းပပြုလုပ်နေသည့် ဘောလုံးပွဲအတွက် ရန်ပုံငွေကောက်ခံမှုနှင့်ပတ်သက်၍ ဦးဝင်းလွင်နှင့် ပျူစောထီးအဖွဲ့ဝင်များအကြား စကားများ ခိုက်ရန်ဖြစ်ပွားထားကြောင်းသိရသည်။
ထိုဖြစ်စဉ်အပြီး ၂ ရက်အကြာတွင် ယခုကဲ့သို့ ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဘောလုံးပွဲရန်ပုံငွေကိစ္စနဲ့ ပျူစောထီးတွေက ဆိုင်ပိုင်ရှင်နဲ့ ရန်ဖြစ်ကြတာ။ အဲဒီနောက် ၂ ရက်အကြာမှာ အခုလို ဝင်ပစ်ပြီး သတ်သွားတာပါ။ ရွှေတွေပါ ယူသွားတယ်” ဟု ပြောသည်။
အလားတူ ပြီးခဲ့သည့် မတ်လပိုင်းကလည်း ကြို့ပင်ကောက်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးလုပ်ငန်းကော်မတီ မြို့နယ်ဥက္ကဋ္ဌ ဒေါ်တင်တင်နု (အသက် ၅၄ နှစ်) ကိုလည်း ၎င်း၏နေအိမ်တွင် လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးအဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ထပ်မံပြောဆိုသည်။
ဓာတ်ပုံ- ကြို့ပင်ကောက်မြို့၊ မြို့မစျေး အဝင်အ၀တွင် ဖွင့်လှစ်ထားသော မြမြင့်မိုရ်ရွှေဆိုင်၏ ဆိုင်းဘုတ်ကို မြင်တွေ့ရစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




