ရှမ်းပြည်နယ်မြောက်ပိုင်းတွင်TNLA က သိမ်းပိုက်ထားသော သီပေါမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၁ ဦး အပါအဝင် ၃ ဦးထိမှန်ဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၇ နာရီ ၄၂ မိနစ်အချိန် သီပေါမြို့အတွင်းရှိ မိုက်ခရိုဝေ့ပ် ဆက်သွယ်ရေးအိမ်ရာသို့ စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၁ လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရာမှ အသက် ၁ နှစ်အရွယ် မောင်ခန့်ညာထွန်း၊ အသက် ၂၃ နှစ်အရွယ် ဦးသောနနှင့် အသက် ၂၆ နှစ်အရွယ် ဦးပတူးတို ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မိုက်ခရိုဝေ့ပ်အဆောက်အဦးနှင့် နေအိမ် ၁ လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် စစ်တပ်က သီပေါမြို့အပြင် နမ္မတူမြို့ကိုလည်း လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့သည်။ စစ်တပ်က TNLA သိမ်းပိုက်ထားသော သီပေါမြို့ကို ပစ်မှတ်ထား၍ မကြာခဏ ဆိုသလို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်လေ့ရှိသည်။
အောက်တိုဘာ ၄ ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်တပ်က သီပေါမြို မန်ဟဲရွာ၊အုံမုကျေးရွာတွင် လေကြောင်းဖြင့် ဗုံးလာရောက်ကျဲချတိုက်ခိုက်ပြီးနောက် ညနေပိုင်းအချိန်တွင်လည်း မြိုတွင်းဇာတ်စုရပ်ကွက်နှင့် ကျင်သီကျေးရွာကို ဗုံးထပ်မံလာရောက်ကျဲ ချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ထိုကျင်သီကျေးရွာရှိ ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း နှင့် စာသင်ကျောင်းအပါအဝင် နေအိမ် ၁၃ လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ထို့အတူ အောက်တိုဘာလ ၂ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က သီပေါမြို့သို့ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့သဖြင့် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာရှိ ကုမုဒြာဟိုတယ်မှ အဆောက်အအုံ ၁ ခု ထိခိုက်ပျက်စီးသွားခဲ့သည်။
စက်တင်ဘာလအတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောက်မဲမြိုနယ်တွင် ၁၀ ကြိမ်၊ သီပေါမြိုနယ်တွင် ၁ ကြိမ်၊ မိုးကုတ်မြိုနယ်တွင် ၂ ကြိမ်နှင့် မိုင်းလုံမြိုနယ်တွင် ၁ ကြိမ်တို့ဖြင့် အဆိပ့်ငွေ့ဗုံးအပါအ၀င် ဗုံး ၅၀ လုံး လာရောက်ဗုံးကျဲချတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား ၃ ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




