အကြမ်းဖက်စစ်တပ်က က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မြေပြင်စစ်ကြောင်းထိုးမှုနှင့်လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန် စစ်ဆင်ရေးဆိုင်ရာJOC အထူးအစည်း အဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယခုအောက်တိုဘာလ လဆန်းပိုင်းအတွင်း စစ်တပ်၏ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော JOC -Joint of Command အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ယင်းအစည်းအဝေး ဆုံး ဖြတ်ချက်အရ လေကြောင်းတိုက်ခိုက်မှုများသည် ယခင်ထက် ၂ ဆ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မြေပြင်တွင်လည်း လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်း၊ လပိုင်းအတွင်း အမြန်ဆုံး သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေး စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ရုံးမှာ နေ့စဉ် လုပ်နေတဲ့ JOC- Joint of Command အစည်းအဝေးတွေက ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဦးစီးပါတယ်။ ပွင့်လင်းရာသီ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ဆင်ရေးတွေ နှစ်ဆ တိုးမြှင့်ဖို့ ဆုံးဖြတ်ထားပြီ။ ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်သမျှ မြို့တွေ ပြန်သိမ်းမယ့် စစ်ရေး စီမံချက်တွေ စလုပ်နေပြီ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော သီပေါမြို့ကို စစ်တပ်က ထိုးစစ်ဆင်လျက်ရှိပြီး ယခု အောက်တိုဘာလအတွင်း အပြီးသတ် သီပေါမြို့ကို ရရှိရေး တိုက်ခိုက်သိမ်းပိုက်ရန် နေပြည်တော် စစ်ရုံး JOC အစည်းအဝေးက ဆုံးဖြတ်ထားကြောင်း သိရှိရသည်။
CDM ဗိုလ်ကြီးဇင်ယော်ကမူ စစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ပြီး တိုက်ခိုက်နေရာတွင် ကုန်ကျစရိတ်သက်သာသော စက်တပ်လေထီးများ အပါအဝင် နည်းလမ်းပေါင်းစုံကို အသုံးပြုလိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
“အဓိကကတော့ လေကြောင်း အရေးသာမှုဆိုတဲ့ စစ်ရေးအားသာချက်ကိုလည်း ယူတာ။ (စက်တပ်လေထီး) ပါရာမော်တာတွေ၊ ဂျိုင်ရိုကော်ပတာတွေက မောင်းတဲ့ လူတွေက လေသူရဲတွေလိုမျိုး စနစ်တကျမွေးထုတ်ထားရတာ မဟုတ်ဘူး။ ရက်တိုသင်တန်းပေးပြီး ကောက်မောင်းပြီး တက်ကြရသလို။ အဲဒီလိုမျိုးဆိုတော့ လူအရင်းအမြစ် ငွေကြေးအရင်းအမြစ်ရော အချိန်အရင်းအမြစ်ရော ချုံ့ပြီးတော့ လေကြောင်းကနေ ကွက်ပစ်အရေးသာတဲ့ ပုံစံမျိုး လုပ်လာတာပေါ့။ သူတို့မှာ ကန့်သတ်ချက်တော့ရှိတယ်။မြေပြင်ကနေ လက်နက်ငယ်နဲ့ ပြန်ပြီးတော့ ပစ်ခတ်ရင် ထိရောက်မှုရှိတယ်။ စက်လက်တို့ စက်သေနတ်ကြီးတို့နဲ့ ပစ်မယ်ဆို သူတို့အတွက် ရှောင်တိမ်းချိန်အခွင့်အရေးနည်းပါးတယ်။ သို့ပေမယ့် လက်နက်ကောင်း ကောင်းမွန်မွန်မရှိတဲ့ ပြည်သူလူထု အခြေပြုတာများတဲ့ နေရာတွေကို ဒီလိုမျိုး တန်ဖိုးနည်းအဖွဲ့တွေ၊ တန်ဖိုးနည်း စက်တပ်လေထီးတွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လုပ်ချင်တဲ့ သဘောမျိုးပေါ့။ လေကြောင်းအရေးသာမှုကို နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းလိုက်တဲ့ ပုံစံမျိုးလို့ ပြောရမှာ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
ထို့ပြင် စစ်တပ်က တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းမှာ စစ်တပ်စိုးမိုးသော နယ်မြေများသို့ ပြည်သူများ ရွှေ့ပြောင်းလာရန်နှင့် ရွေးကောက်ပွဲအတွက် မဲပေးသူများ များပြားလာစေရန် ရည်ရွယ်မှုများ ပါဝင်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“ဗုံးကြဲတာက ရွေးကောက်ပွဲနီးလာလေ ပိုများလာလေကို တွေ့ရတယ်။ စစ်တိုက်လို့လည်း တိုက်မနိုင်ဘူး၊ မြေသာသိမ်းလို့ရတယ် ရွေးကောက်ပွဲလုပ်ရမယ့် မြို့တွေမှာ လူစည်မလာဘူး။ ဥပမာ မိုးဗြဲတို့ ဖယ်ခုံတို့ ဒီမော့ဆိုတို့ ဖရူဆိုတို့မှာ ကြည့်လိုက်ရင် လူ လောက်လောက်ငင စည်နေတာ မရှိဘူး။ အဲဒီတော့ စစ်ဘေးရှောင်ဆိုပြီးပဲ လွတ်မြောက်နယ်မြေတွေမှာ သွားပြီး တော့ နေကြတာများတယ်။ လူခေါ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ သူတို့ အုပ်ချုပ်တဲ့ နယ်မြေတွေကိုတော့ ဗုံးပြန်ကြဲတာမျိုး မရှိသေးဘူးလေ။ အဲဒီတော့ ဗုံးကြဲမှာ ကြောက်လို့ဆိုပြီးတော့ သူတို့ ထိန်းချုပ်တဲ့ နယ်မြေတွေကို ရောက်လာအောင် တမင် ရက်ရက် စက်စက်နဲ့ ယုတ်မာပြီးတော့ လူခေါ်တဲ့ အနေအထားမျိုး သွားတွေ့ရတယ်။ လပြည့်ညမှာဆိုလည်း မုံရွာမြို့နယ်ထဲမှာတင်ကိုပဲ သူတို့ သံသယဖြစ်ရတဲ့ အညိုရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့နေရာမျိုးတွေကိုပဲ ရွေးကောက်ပွဲ အဲဒီနေရာမှာ မလုပ်ဖြစ်ပေမယ့် လူတွေက ရွေးကောက်ပွဲဆီကို လာတဲ့ ပုံစံမျိုး၊ ရွေးကောက်ပွဲရှိတဲ့ နေရာကို လာတဲ့ ပုံစံမျိုးဖြစ်လာအောင် ခြောက်ပြီးတော့ ၊ တိုက်ခိုက်တဲ့ အချိန်မှာ လူတွေ အကြောက်တရားဝင်လာပြီးတော့ သူတို့ထိန်းချုပ်တဲ့ နယ်မြေတွေကို ရောက်လာပြီးတော့ ရွေးကောက်ပွဲ ပေးတဲ့ အင်အားတိုးလာအောင် ပုံပေါ်လာအောင် လုပ်တယ်လို့ မြင်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ရှင်းပြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
