အကြမ်းဖက်စစ်တပ်က နမ္မတူမြို့နှင့် သီပေါမြို့တို့ကို နေ့စဉ် ဆက်တိုက် လေကြောင်းတိုက်ခိုက်နေသဖြင့် အဆိုပါမြို့များမှ ပြည်သူအများစု စစ်ဘေးရှောင်နေကြပြီဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူများထံမှ စုံစမ်းသိရှိရသည်။
အောက်တိုဘာလ ၂ ရက်နေ့မှစတင်ပြီး စစ်တပ်က နမ္မတူမြို့နှင့် သီပေါမြို့တို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လာရာ လူသေဆုံးထိခိုက်မှုများ၊ အဆောက်အအုံနှင့်နေအိမ် ပျက်စီးမှုများ အလွန်များပြားလာကြောင်း၊ ထို့ကြောင့် ပြည်သူများမှာ မြို့ကို စွန့်ခွာ စစ်ဘေးရှောင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“သီပေါကတော့ ကျောက်မဲကနေ စစ်တပ်စစ်ကြောင်းတွေ ထိုးနေတယ်လို့ကြားရလို့ တော်တော်များများ ရှောင်ကြပြီ။ ကိုယ် ပိုင်ကားရှိတဲ့သူတွေကတော့ ကိုယ်ပိုင်ကားနဲ့ ရှောင်ကြတယ်။ မရှိတဲ့သူတွေက စုပေါင်း စပ်ပေါင်း ကားတွေငှားပြီး ရှောင်ကြတယ်။ ဆိုင်ကယ်တွေလည်း ကိုယ့်အထုပ်ကိုယ် တင်ပြီး ရှောင်ကြတာလည်းရှိတယ်။ သီပေါမြို့ရဲ့ ၅၀ ရာခိုင်နှုန်းအထက်သော ပြည်သူတွေ စစ်ဘေးရှောင်နေကြပါတယ်” ဟု သီပေါမြို့မှ စစ်ဘေးရှောင်များကို ကူညီနေသော ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
သီပေါမြို့ကို စစ်တပ်က လာမည့် ရက်အနည်းငယ်အတွင်း တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်သောကြောင့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက် ရှိလာမည်ဖြစ်ကြောင်း အစရှိသော သတင်းများကိုလည်း စစ်တပ်ထောက်ခံသူများက တယ်လီဂရမ်နှင့် လူမှုကွန်ရက်များမှတစ်ဆင့် ဖြန့်ဝေနေသဖြင့် စစ်ဘေးရှောင်ကြသည့် ပြည်သူအရေအတွက် ပိုမိုများပြားလာကြောင်း၊ အခြားတစ်ဖက်တွင်လည်း စစ်တပ်က သီပေါမြို့ကို နေ့စဉ် လေကြောင်းဖြင့် ဗုံးကျဲမှုများကို အရှိန်မြှင့်တင်နေကြောင်း သိရှိရသည်။
အလားတူ နမ္မတူမြို့နယ်တွင်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ များပြားလာခြင်းကြောင့် မြို့နေပြည်သူများ၊ သံဃာတော်များမှာ နီးစပ်ရာသို့ စစ်ဘေးရှောင်နေကြပြီဖြစ်ကြောင်း သိရှိရသည်။
“နမ္မတူမြို့ပေါ်မှာလည်း လူအတော်နည်းသွားပြီ။ မြို့နေပြည်သူတွေ အကုန်ရှောင်ကုန်ကြပြီ။ အိမ်စောင့်လောက်ပဲ ကျန်တော့တယ်” ဟု နမ္မတူမြို့နယ်၊ ရပ်ကွက် ၈ မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယခု အောက်တိုဘာလ ဆန်းပိုင်းအတွင်း နမ္မတူမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ နံနက် ၆ နာရီ ၃၃ မိနစ်အချိန် အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ်က နမ္မတူမြို့၊ အမှတ် ၈ ရပ်ကွက်၊ ဗုဗ္ဗာရုံဘုန်း ကြီး ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် ဘုန်းကြီးကျောင်းမှာ လုံး၀ ပျက်စီးသွားခဲ့သည်။
အောက်တိုဘာလ ၂ ရက်နေ့ကလည်း စစ်တပ်က နမ္မတူမြို့ ပုဗ္ဗာရုံဘုန်းကြီး ကျောင်းအနီးရှိ နေအိမ်ကို လေကြောင်းဖြင့် ဗုံးကြဲချမှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးသွားပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် မိုင်းလုံမြို့နယ် မန်ဟုန်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရာမှ အသက် ၃၇ နှစ်အရွယ် ဦးအိုက်ဆန်ကြာ၊ အသက် ၃၅ နှစ်အရွယ် ဦးစံပွင့်၊ အသက် ၂၉ နှစ်အရွယ် ဦးစိုင်းအောင်ဆာ၊ အသက် ၂၇ နှစ်အရွယ် ဦးအိုက်ထက်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်အုန်းခင်၊ အသက် ၂၅ နှစ်အရွယ် ဒေါ်လှစိန်၊ အသက် ၃၉ နှစ်အရွယ် ဒေါ်အေးမေ၊ အသက် ၂၉ နှစ်အရွယ် ဒေါ်ခင်ပ၊ အသက် ၂၂ နှစ်အရွယ် ဒေါ်အေးတိတ်နှင့် အသက် ၂ နှစ်အရွယ် မောင်အိုက်ဦးတို့ ထိမှန်သေဆုံးခဲ့ပြီး ပြည်သူလူထု ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဓတာ်ပုံ – CJ ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


