27.7 C
Yangon

ထိုင်းနိုင်ငံ၊ စက်ရုံတစ်ခုတွင် ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်ဖြုတ်ခံရသည့် တရားဝင် မြန်မာလုပ်သား ၃၂၀ ဦးအတွက် နစ်နာကြေး ထိုင်းဘတ်ငွေ ၃ သန်းကျော် ရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ထိုင်းနိုင်ငံ၊ စက်ရုံတစ်ခုတွင် ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်ဖြုတ်ခံရသည့် တရားဝင် မြန်မာလုပ်သား ၃၂၀ ဦးအတွက် နစ်နာကြေး ထိုင်းဘတ် ငွေ ၃ သန်းကျော် ရရှိသွားကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ ချာချင်ဆောင်ခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေသော တရားဝင် မြန်မာလုပ်သား ၃၂၀ ဦးသည် ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ လုပ်သက် ၄ လ မပြည့်ခင် ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရမှုအတွက် နစ်နာကြေး ဘတ်ငွေ ၃ သန်းကျော် ပြန်လည်ရရှိခဲ့ကြောင်း M.H.A.C မဟာမိတ်အဖွဲ့မှ အေအေစီ ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၄ ရက်နေ့ အလုပ်သမားများက မတရားအလုပ်ဖြုတ်ခံရမှုအတွက် အကူအညီတောင်းခံခဲ့သည့်အတွက် 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့နှင့် NUG အစိုးရ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများ ပူပေါင်း၍ နစ်နာကြေးရရှိရန် ထိုင်းအစိုးရ ဌာနဆိုင်ရာအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နစ်နာသူ မြန်မာလုပ်သား ၃၂၀ ဦးအတွက် နယ်မြေခံအစိုးရဌာနအသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်မှုကြောင့်အောက်တိုဘာလ ၇ ရက်နေ့တွင် အလုပ်သမားများ တောင်းဆိုထားသည်များအား ထိုင်းအစိုးရ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန (ဆဝါဒီကန်)မှ တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းရှင်နှင့် ကြားခံအေဂျင်စီက လာရောက်ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း အေအေစီ ကိုရဲမင်းက ပြောဆိုသည်။

“ထိုင်းမှာ အစုလိုက်အပြုံလိုက် အလုပ်တွေ ပြုတ်တာတွေက ဆက်တိုက်ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာတင်ကို အလုပ်ရုံ ၁၀ ရုံကျော်သွားပြီ ပြီးခဲ့တဲ့ တစ်ပတ်တွင်းမှာ။ ဒါမျိုးက ထိုင်းမှာ အရင်တုန်းကလည်း မကြာခဏဖြစ်ဖူးတယ်။ အလုပ်သမားတွေအနေနဲ့ အချိန်မရွေးအလုပ်ပြုတ်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေပြီ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားရမယ်။ ဒီလိုမျိုးတွေ ဖြစ်လာရင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စုပေါင်းပြီးတော့ အလုပ်သမားကူညီပေးတဲ့ အဖွဲ့အစည်းတွေနဲ့ အကြံဉာဏ်တောင်းပြီးတော့ သေချာလုပ်ကိုင်ရမယ်လို့ ပြောချင်ပါတယ်။ ဒီအလုပ်ရုံက စနစ်တကျနဲ့ သေချာဖြေရှင်းတဲ့အခါမှာ ထိုင်းအာဏာပိုင်တွေက ပူးပေါင်းပြီးတော့ စေတနာပါပါဆောင်ရွက်တဲ့အခါမှာ အမြန်ဆုံး ပြဿနာဖြစ်ပြီး ၂ ရက်အတွင်းမှာပဲ ထိုက်သင့်တဲ့ နစ်နာကြေးတွေ ဘတ် ၃ သန်းကျော်ရရှိခဲ့တယ်။ အလုပ်သမားတွေက စည်းလုံးညီညွတ်ကြတယ်။ ဒါ အောင်မြင်မှုပဲ” ဟု M.H.A.C မဟာမိတ်အဖွဲ့မှ အေအေစီ ကိုရဲမင်းက ပြောကြားသည်။

အလုပ်ဖြုတ်ခံရသော အလုပ်သမားများအနက်မှ လုပ်သက် ၃ လ ကျော် အလုပ်သမားများအတွက် ထိုင်းဘတ် ၁၀,၈၀၀ နှင့် လုပ်သက် ၃ လ မကျော်သူများကိုမူ ထိုင်းဘတ် ၉,၀၀၀ သတ်မှတ်လျှော်ကြေးပေးကြောင်း၊ ထို့ကြောင့် အလုပ်သမား ၃၂၀ ဦးအတွက် စုစုပေါင်း ဘတ်ငွေ ၃သန်း ၄သောင်း ၅ထောင် ၆ရာ (3,045,600) ဘတ်အပြင် ၊ လုပ် အားခများ ၊စာရွက်စာတန်းနှင့် ပတ် သက်သည်များအားလုံးကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ နစ်နာကြေး ရရှိသည့် ဘတ် ၃ သန်းကျော်ထဲမှ MHAC မဟာမိတ်အဖွဲ့ထံသို့ အလုပ်သမားများက ကူညီရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် ထိုင်းဘတ် ၅ သောင်း ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article