အောက်တိုဘာလ ၃ ရက်နေ့ ရန်ကုန်မြို့ ရှိ ကြံ့ဖွတ်ပါတီရုံးချုပ်တွင် မဘသများ၊ အမျိုးသားရေးအစွန်းရောက်များနှင့်တွေ့ဆုံစဉ် ကြံ့ဖွတ်ခင်ရီက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး မဘသ၊ အမျိုးသားရေးအစွန်းရောက်များနှင့်ကြံ့ဖွတ်ခင်ရီတို့ မှာ အကြိမ်ကြိမ်တွေ့ဆုံနေကြခြင်းဖြစ်သည်။
မဘသနှင့်အမျိုးသားရေးသမားများက ကြံ့ဖွတ်ပါတီ အတိုက်အခံဘ၀ဖြစ်ခဲ့စဉ်ကလည်း တစ် သားတည်းရပ်တည်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း၊ အမျိုးဘာသာသာသနာအတွက် ကြံ့ဖွတ်ပါတီက အမြဲထာ၀ရ ရပ်တည်မည်ဖြစ်ကြောင်း၊ ကြံ့ဖွတ်ပါတီက အစိုးရဖြစ်လာပါကလည်း မဘသနှင့်အမျိုးသားရေးများနှင့်အတူ ဆက်လက် လက်တွဲသွားမည်ဟု ကတိပြောဆိုကြောင်း သိရှိရသည်။
” ဒီရွေးကောက်ပွဲကို ဖြစ်မြောက်အောင်နဲ့ အောင်မြင်အောင် အားလုံးကူညီပေးကြဖို့ ဦးခင်ရီက တိုက်တွန်းပါတယ်။ အမျိုး ဘာသာ သာသနာ ဒီ ၃ ခုကတော့ အတိုက်အခံဘ၀မှာတုန်းကလည်း အလေးထားခဲ့သလို အစိုးရဖြစ်လာရင်လည်း ဒီ အမျိုးသားရေး တာဝန်ကို ပါတီက ဆက်လက်ပြီးတော့ ရပ်တည်မယ်။ ဒီအတွက် စိတ်ပူစရာမလိုဘူး။ ဘယ်ကိစ္စမဆို အမျိုး ဘာသာသာသနာရှုထောင့်ကပဲ စဉ်းစားပြီး အလုပ်လုပ်မယ်ဆိုတာကို ဥက္ကဋ္ဌက ကတိပြုတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် မဘသနှင့်အမျိုးသားရေးအစွန်းရောက်များက NLD ပါတီအခြေအနေနှင့်ပတ်သက်ပြီး ယခင် သမ္မတဦးသိန်းစိန်အစိုးရခေတ်ကကဲ့သို့ အမျိုးသားပြန်လည် သင့်မြတ်ရေးအကြောင်းပြကာ ညှိနှိုင်း ဖိတ်ခေါ်မှုများကို လုပ်ဆောင်မည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုကြရာ ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက NLD ပါတီအနေဖြင့် မြန်မာ့နိုင်ငံရေးလောကအတွင်း ပြန်လည် ခြေချခွင့် ရရှိလာစရာ အကြောင်းမရှိတော့ကြောင်း၊ ကြံ့ဖွတ်ပါတီက အစိုးရဖြစ်လာပါကလည်း လက်ရှိမူဝါဒများအတိုင်းသာ ရပ်တည်ပြီး မည်သည့် ပြောင်းလဲမှုမှ လုပ်ဆောင်မည်မဟုတ်ကြောင်း ကတိပြု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
” NLD ပါတီက ပြန်လာစရာ အကြောင်းမရှိတော့ဘူး။ သူ့လမ်းသူ ရွေးသွားပြီဖြစ်လို့ ပြန်လာစရာမရှိတော့ဘူး။ လာဖို့လည်း အခွင့်အလမ်း မရှိနိုင်တော့ဘူး။ သူ့လမ်းသူ ရွေးသွားတာကို ပြန်ပြီးတော့ အသက်သွင်းစရာလည်း မရှိဘူး။ အဲဒါက ဘယ်သူ့ကြောင့်မှမဟုတ်ဘူး။ ကျနော်တို့ လုပ်တာလည်းမဟုတ်ဘူး။ သူ့ကိစ္စ သူရွေးချယ်သွားတာ။ အဲဒါကြောင့် စိတ်ပူစရာမလိုဘူးလို့ ဥက္ကဋ္ဌ ပြန်ပြောတယ်” ဟု ကြံ့ခိုင်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက မဘသနှင့် အမျိုးသားရေးအစွန်းရောက်များကို ဩဂုတ်လ ၁ ရက်နေ့တွင် ၁ ကြိမ်၊ အောက်တို ဘာလ ၃ ရက်နေ့တွင် တစ်ကြိမ် အကြိမ်ကြိမ် တွေ့ဆုံနေခြင်းဖြစ်ပြီး ရွေးကောက်ပွဲ အောင်မြင်ရေးနှင့် ကြံ့ဖွတ်ပါတီ အောင်နိုင်ရေး ၀ိုင်းဝန်း ကူညီလုပ်ဆောင်ပေးရန် တိုက်တွန်းပြောဆိုနေခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

