ရန်ကုန်၊ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ ဆီးမီးထွန်းပွဲကို လေကြောင်းဖြင့် စစ်တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၂၄ ဦးအထိတိုးလာပြီး စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုကို အရေးယူနိုင်ရေး ကြိုးပမ်းမည်ဖြစ်ကြောင်း အမျိုးသားညီ ညွတ် ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။
အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ်က ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာတွင် ပြုလုပ်သော ဆီမီးထွန်းပွဲသို့ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကနဦး ပြည်သူ ၂၀ သေဆုံးခဲ့ပြီးနောက် ဒဏ်ရာရရှိသူများ တဖြည်းဖြည်း ထပ်မံ သေဆုံးခဲ့ကြောင်း၊ ယခုအခါ သေဆုံးသူ စုစုပေါင်း ၂၄ ဦး အထိရှိလာပြီဖြစ်ကြောင်း သိရှိရသည်။
“ဒဏ်ရာရရှိတဲ့သူတွေ ထပ်ပြီး ကွယ်လွန်တာရှိပါတယ်။ အခု စုစုပေါင်း ၂၄ ဦး အထိရှိလာပါပြီ။ ဒဏ်ရာရရှိသူတွေမှာလည်း ဆေးဝါးနဲ့ သွေးလိုအပ်ချက်တွေရှိတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်က ဗုဒ္ဓဘာသာတို့၏ ဘာသာရေးအခမ်းအနားဖြစ်သော ဆီမီးထွန်းပွဲတော်ကို လေကြောင်းဖြင့် ဗုံးကျဲသောကြောင့် လူဒါဇင်ချီ သေဆုံးခဲ့သော သတင်းမှာ နယူးယောက်တိုင်းမ်၊ အယ်ဂျာဇီးယား၊ ဘီဘီစီ အပါအဝင် နိုင်ငံတကာသတင်းဌာနကြီးများအားလုံးက ထိပ်တန်း သတင်းအဖြစ် ဖော်ပြခဲ့ပြီး စစ်တပ်၏ ကြမ်းတမ်းသော ရက်စက်မှုအဖြစ် ဖော်ပြခဲ့ကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဝန်ကြီးဌာနကလည်း စစ်တပ်က အာဏာတည်မြဲရေးကိုသာဦးတည်ပြီး လူထုအပေါ် အခါကြီးရက်ကြီး ဘာသာရေးအထွဋ်အမြတ်ထားရာ နေ့ရက်များ ပါမကျန် ရက်စက်နေသည့် စစ်အုပ်စု၏ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို အရေးယူနိုင်ရေး အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ယမန်နေ့ ကတိပြု ထုတ်ပြန် ကြေညာသည်။
အကြမ်းဖက်စစ်အုပ်စုက ဗုံးကျဲတိုက်ခိုက်ခဲ့သည့် နေရာမှာ စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအား အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်သည့်နေရာဖြစ်သည့်အပြင် ဗုံးကျဲတိုက်ခိုက်ချိန်မှာလည်း သီတင်းကျွတ်လပြည့်နေ့အတွက် ဒေသပြည်သူများနှင့် ကလေးငယ်များ သီတင်းကျွတ်လပြည့်နေ့ ဆီမီးထွန်းဆုတောင်းရန် ပြုလုပ်နေချိန်လည်းဖြစ်ကြောင်း NUG က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ်က စက်တပ်လေထီးဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူများကိုဆေးကုသနေသည့် ယင်းနေ့ ည ၁၁ အချိန်တွင်လည်း ထပ်မံ၍ စက်တပ်လေထီး ၂ စီးဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံး ကို စာသင်ကျောင်းပေါ်သို့ ထပ်မံကျဲချ ရက်စက်စွာ ပြုမူခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



