26.1 C
Yangon

စစ်မှုထမ်း ရနိုင်ခြင်း နှင့် တပ်သားအဖြစ် အဓမ္မ စုဆောင်းခံရနိုင်မှုတို့ကြောင့် မြန်မာလူငယ် ၂ ဒသမ ၅ သန်းနီးပါး လုံခြုံမှု အမြဲတမ်း စိုးရိမ်နေပြီး ၆ သန်းကျော်မှာ ညအချိန် လုံးဝ လုံခြုံမှုမရှိဟု ခံစားနေရကြောင်း UNDP သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

စစ်မှုထမ်းရနိုင်ခြင်းနှင့် တပ်သားအဖြစ် အဓမ္မ စုဆောင်းခံရနိုင်မှုတို့ကြောင့် မြန်မာလူငယ် ၂ ဒသမ ၅ သန်းနီးပါးမှာ ဘေးကင်းလုံခြုံမှုအတွက် အမြဲတမ်းနီးပါး စိုးရိမ်ပူပန်နေရပြီး လူငယ် ၆ သန်းကျော်မှာ ညအချိန် လုံးဝလုံခြုံမှုမရှိဟု ခံစားနေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အစီရင်ခံစာက သတိပေး ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ အကျပ်အတည်းများကြားတွင် ပုဂ္ဂိုလ်ဆိုင်ရာ မလုံခြုံမှု နှင့် လူမှုဘဝဆိုင်ရာ စိုးရိမ်ရမှုများသည် မြန်မာနိုင်ငံတွင် နေထိုင်သူလူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ ပိုမိုဖြစ်စေကြောင်း၊ လူငယ်ဦးရေ ၂ ဒသမ ၅ သန်းနီးပါးသည် ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် အမြဲတမ်းနီးပါး စိုးရိမ်ပူပန်နေထိုင်နေကြရပြီး၊ ခြောက်သန်းကျော်မှာ ညအချိန်တွင် လုံးဝလုံခြုံမှုမရှိဟု ခံစားနေကြရကြောင်း UNDP က ပြောသည။

UNDP က “ချောက်ကမ်းပါးထက်က မျိုးဆက်- မြန်မာ့လူငယ်များ၏ လုံခြုံရေး နှင့် လူမှုဘဝ စိန်ခေါ်မှုများ” အစီရင်ခံစာကို ထုတ်ပြန်ထားပြီး ယင်းအစီရင်ခံစာတွင် မြန်မာနိုင်ငံအတွင်း ကြာရှည်နေပြီဖြစ်သည့် မလုံခြုံမှု၊ စီးပွားရေးခက်ခဲမှု၊ နေရပ်စွန့်ခွာရမှု နှင့် ထိတ်လန့်နေရမှုများသည် လူငယ်များ၏ လိုအင်ဆန္ဒ၊ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့မှ ကင်းလွတ်ခြင်းဟူသော လူသားလုံခြုံရေး (Human Security)ကို ထိခိုက်နေရုံသာမက ၎င်းတို့၏ စိတ်ကျန်းမာရေးကိုပါ ပျက်စီးစေလျက်ရှိသည်ဟု ဖော်ပြသတိပေးထားသည်။

မြန်မာလူငယ် ၇ ဦးလျှင် လူငယ် ၁ ဦးခန့် (လူဦးရေ ၂ ဒသမ ၅ သန်းနီးပါး) မှာ ၎င်းတို့၏ ပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံမှုအတွက် အမြဲတမ်းနီးပါး စိုးရိမ်ပူပန်နေရပြီး လူငယ် ၁၀ ဦးလျှင် ၄ ဦးခန့် (လူဦးရေ ၆ သန်းကျော်) သည် ညဘက်တွင် ၁ ဦးတည်း လမ်းလျှောက်ရန်ပင် မလုံခြုံဟု ခံစားနေကြရကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

လူငယ် ၃ ပုံ ၁ ပုံနီးပါးသည် စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဖိစီးမှုများကို မကြာခဏ ခံစားရကြောင်း ဖော်ပြကြပြီး၊ ဤနှုန်းထားသည် မြန်မာနိုင်ငံ၏ ပဋိပက္ခနှင့် ဆင်းရဲနွမ်းပါးမှု အခံရဆုံး ပြည်နယ်များ အနက်မှ ကယားပြည်နယ်တွင် ၆၀ ရာခိုင်နှုန်းကျော် နှင့် ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ၄၀ မှ ၄၅ ရာခိုင်နှုန်း အထိ ရှိနေကြောင်း သိရှိရသည်။

အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် အမျိုးသားလူငယ်များက လုံခြုံမှုမရှိနေဟု ပိုမိုဖြေဆိုကြရာ၊ ၎င်းတို့၏ စိုးရိမ်ထိတ်လန့်မှုများ ထိုကဲ့သို့ မြင့်တက်နေရခြင်းမှာ စစ်မှုထမ်းရနိုင်ခြင်း နှင့် တပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရနိုင်ခြင်းတို့နှင့်စပ်လျဥ်းလျက်ရှိသည်ကိုလည်း ထင်ဟပ်နေကြောင်း၊ သို့သော်လည်း ငယ်ရွယ်သော မသန်စွမ်းအမျိုးသမီးများမှာမူ ကြောက်ရွံ့မှု နှင့် ထိခိုက်လွယ်မှု အမြင့်ဆုံးအဆင့်ကို ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့တွင် “ဝန်ဆောင်မှုများ ရယူပိုင်ခွင့် – ကပ်ဘေး နှင့် အရေးပေါ် အခြေအနေများအတွင်း စိတ်ကျန်းမာရေး” ဟူသော ဆောင်ပုဒ်အောက်မှ ထုတ်ပြန်သည့် UNDP အစီရင်ခံစာက နိုင်ငံတစ်ဝှမ်းတွင် စိတ်ကျန်းမာရေးဆိုင်ရာ အထောက်အပံ့များ အရေးတကြီး လိုအပ်နေကြောင်းကို အလေးအနက်ထား ဖော်ပြထားသည်။

အထူးသဖြင့် ပဋိပက္ခဘေး၊ အဓမ္မစစ်မှုထမ်းရန် ခေါ်ဆောင်ခံရမည်ကို စိုးရိမ်ပူပန်နေရသည့်ဘေးနှင့် နေ့စဉ် စီးပွားရေး အကျပ် အတည်းဘေးများ ပျံ့နှံ့နေသည့် အခြေအနေတွင် ယင်းအထောက်အပံ့များသည် မရှိမဖြစ် လိုအပ်နေကြောင်း ထောက်ပြထားသည်။

“လူငယ်အများစုအတွက် အကြမ်းဖက်ခံရမှု၊ အတင်းအကြပ်စစ်မှုထမ်းခိုင်းစေခံရမှု၊ ဒါမှမဟုတ် မနက်ဖြန်ဘာဖြစ်မလဲဆိုတာမသိနိုင်ပဲ သေချာမရေရာမှုတွေကိုနေ့စဉ်ကြုံတွေ့နေရတယ်။ ။ ဒီအရာတွေဟာ မြန်မာလူငယ်တွေ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတယ်” ဟု UNDP ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး Kanni Wignaraja က ပြောကြားသည်။

“လူငယ်တွေက ထူးခြားတဲ့ ခံနိုင်ရည်ရှိမှုကို ဆက်လက်ပြသနပေမယ့်လည်း၊ စိတ်ဒဏ်ရာတွေပြည့်နေတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာနေကြတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ကျန်းမာရေးအတွက် ပိုမိုပံ့ပိုးကူညီမှုများ အရေးတကြီး လိုအပ်နေပါတယ်။ သို့သော် ရေရှည်တည်တံ့တဲ့တိုးတက်မှုဆိုတာက လုံခြုံမှု၊ တည်ငြိမ်မှုနှင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး မျှော်မှန်းချက်များဖြင့်သာ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

UNDP အစီရင်ခံစာအရ အဓိက တွေ့ရှိချက်များတွင် လူငယ်များအတွက် ခြိမ်းခြောက်မှုများ ဖြစ်ပြီး လူငယ်များ၏ ဘေးကင်းလုံခြုံမှုအတွက် အဓိကခြိမ်းခြောက်မှုများမှာ မူးယစ်ဆေးဝါး ပျံ့နှံ့မှု နှင့် မတူညီသော အဖွဲ့အစည်းများနှင့် နယ်မြေများပေါ်မူတည်၍ ဖြစ်ပေါ်နေသော စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့မှု တို့ဖြစ်ပြီး၊ ယင်းအချက်နှစ်ခုသည် အရေးအကြီးဆုံး စိုးရိမ်ပူပန်မှုများအဖြစ် ပေါ်ထွက်လာကြောင်း သိရှိရသည်။

အထူးသဖြင့် အမျိုးသားလူငယ်များက ပြန်ပေးဆွဲခံရခြင်းနှင့် စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းခံရခြင်းတို့ကို ကြောက်ရွံ့မှုကြောင့် မလုံခြုံဟုခံစားရမှု အဆင့် ပိုမြင့်မားကြောင်း ဖော်ပြကြပြီး ငယ်ရွယ်ပြီး မသန်စွမ်းသော အမျိုးသမီးများသည်လည်း အန္တရာယ်များ ထပ်ဆင့်ဖြစ်ပေါ်နေမှုကြောင့် အမြင့်ဆုံး စိုးရိမ်ကြောက်ရွံ့မှု အဆင့်ကို ခံစားနေရပြီး၊ ၎င်းတို့၏ ထိခိုက်လွယ်သော လူမှုဘဝအခြေအနေကို ပိုမိုဆိုးရွားစေကြောင်း ဖော်ပြနေသည်ဟု သိရှိရသည်။

UNDP အစီရင်ခံစာတွင် ပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများက စိတ်ကျန်းမာရေးအပေါ် ပိုမိုသက်ရောက်မှုရှိလာနေသည်ကို မီးမောင်းထိုးပြထားပြီး လုံခြုံမှုမရှိဟု ခံစားရသော လူငယ်များသည် စိတ်ပူပန်မှု သို့မဟုတ် စိတ်ဖိစီးမှုများကို ခံစားရနိုင်ခြေ နှစ်ဆပိုများကြောင်း၊ လူငယ်များစွာသည် ပဋိပက္ခ၊ အလုပ်အကိုင်နှင့် မိသားစုလုံခြုံရေးတို့ကြောင့် အမြဲတစေ စိုးရိမ်နေရသည့် ရှင်သန်မှုပုံစံဖြင့် နေထိုင်နေကြရကြောင်း သိရှိရသည်။

“မြန်မာလူငယ်တွေဟာ မမြင်နိုင်တဲ့ စိတ်ဒဏ်ရာတွေကို သယ်ဆောင်ထားကြရပါတယ်” ဟု Wignaraja က ပြောသည်။

မြန်မာလူငယ်ထက်ဝက်နီးပါးက ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအနာဂတ်အတွက် မျှော်လင့်ချက် ရှိနေဆဲဖြစ်ပြီး သုံးပုံနှစ်ပုံကမူ ငြိမ်းချမ်းရေးရရှိရန် ဖြစ်နိုင်ခြေရှိနေသေးသည်ဟု ယုံကြည်နေကြဆဲ ဖြစ်ကြောင်း သိရှိရသည်။

သို့သော် ထိုကဲ့သို့သော အကောင်းမြင်စိတ်သည် ထိခိုက်လွယ်လျက်ရှိကြောင်း၊ ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာ နှင့် အခွင့်အလမ်းများအတွက််ရင်းနှီးမြှုပ်နှံမှုများ မရှိပါက၊ မြန်မာနိုင်ငံသည် လူငယ်မျိုးဆက်တစ်ခုလုံးကို ကြောက်ရွံ့မှု နှင့် စိတ်ပျက်အားငယ်များအကြာတွင် ဆုံးရှုံးသွားရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

“ချောက်ကမ်းပါးထက်က မျိုးဆက်- မြန်မာ့လူငယ်များ၏ လုံခြုံရေးနှင့် လူမှုဘဝ စိန်ခေါ်မှုများ” အစီရင်ခံစာမှာ UNDP က ထုတ်ဝေလျက်ရှိသည့် မြန်မာလူငယ်အစီရင်ခံစာစဉ် (Myanmar Youth Series) ၏ တတိယမြောက် အစီရင်ခံစာဖြစ်ပြီး ပြည် နယ်နှင့် တိုင်းဒေသကြီးအားလုံးမှ ဖြေဆိုသူလူငယ်စုစုပေါင်း ၇,၀၀၀ ကျော် ၏ အသံများကို အခြေခံထားသည့် ဤအစီရင်ခံစာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းများကြားမှ လူငယ်များအား ကာကွယ်စောင့်ရှောက်ရန်နှင့် စွမ်းရည်မြှင့်တင်ရန် အစီအစဉ်များ အတွက် အခြေပြုရန် အချက်အလက်များကို စုစည်းပံ့ပိုးပေးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်တွင် ညပိုင်း လုံခြုံရေးယူထားသည့်ရဲကားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်တွင် ညပိုင်း လုံခြုံရေးယူထားသည့်ရဲကားတချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article