ရန်ကုန်၊ အောက်တိုဘာ၁၁
မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ဘန်ကာတစ်လုံးသာ ကျန်ချိန် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ၍ ပြန်ဆုတ်ခွာရကြောင်း မင်းဘူးခရိုင်တပ်ရင်း ၅ က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ လင်းဇင်း တိုက်နယ် ရဲစခန်း၏ ဘိုတဲကုန်းထိ ရရှိခဲ့ပြီး လင်ဇင်း အဝင် ကုက္ကိုပင်အောက်ရှိ စစ်တပ်ဘန်ကာ တစ်လုံး ကျန်ရှိနေ၍ တိုက်ခိုက်နေစဉ် စစ်တပ်က ယင်းနေ့ နံနက် ၉ နာရီ ၃၄ မိနစ်ချိန် မကွေး လေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးချခြင်း ၊ စက်လက်ပစ်ခက်ခြင်း ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ထို့ကြောင့် တပ်ပြန်ဆုတ်ခဲ့ရကြောင်း၊ အဆိုပါ ရဲစခန်းကို တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ အထိအခိုက် အများအပြားရှိပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆင်ရေးကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ခွဲ ၂ ၊ မင်ဘူးခရိုင် အမှတ် ၅ တပ်ရင်း ဒရုန်းအဖွဲ့ ၊ စလင်း ပလဖ ၊ ဒေါင်းညီနောင် မြိုပြပျောက်ကြားအဖွဲ့ ၊ မင်းဘူးခရိုင် ပကဖ ထုတ်လုပ်ရေးအဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ပဲခူးတိုင်း နတ်တလင်းမြို့နယ် ဆဲကန်ရွာအနီး အကြမ်းဖက်စစ်တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားများ၏ ထိခိုက်မှုအခြေအနေကို စုံစမ်းဆဲဖြစ်ကြာင်း Bamar Revolution Army ၏ တပ်ခွဲမှူး ဗိုလ်လက်ျာက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်သားများနှင့် တပ်ရင်း၃၈၀၁၊ တပ်ခွဲ၄၊ B.R.Aတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ ကင်းပုန်းဝပ်နေသည့် မီးရှိရာ နေရာကို သေချာ ပစ်ခတ်နိုင်ခဲ့၍ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိနိုင်ပြီး B.R.A တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
“ဆဲကန်ရွာမှာ မနေ့က နေ့လည်အထိ စစ်တပ်က ဆိုင်ကယ်တွေ စစ်နေတာကိုတော့ ကြားတယ်။ ညနေကျ ပျဥ်ပုံကို ပြန်ဆုတ်တယ် ကြားထားတာဗျ။ သူတို့က အကုန်ပြန်မဆုတ်ဘဲ ကင်းပုန်းတွေချထားခဲ့တာ။ ကျနော်တို့ ကင်းပတ်ရင်း သူတို့ကင်းပုန်းတွေရဲ့ ဖုန်းမီးရောင်ကို မြင်လိုက်လို့ ကိုယ့်ဘက်က စပစ်ခဲ့တာပါ။ ထိခိုက်မှုရှိဖို့ များပါတယ်။ အရမ်းလည်း မဝေးဘူးလေ။ မီးရောင်နေရာကို သေချာချိန်ပစ်လိုက်တော့ သူတို့ဘက်က တန်းမပစ်နိုင်ဘူး။ အပြန်အလှန်ပစ်ခတ်ပြီး ရန်သူ့အခြေအနေနဲ့ အင်အားကို အတိကျမသိတဲ့အတွက် အမြန်ပြန်ဆုတ်ခဲ့ရပါတယ်”ဟု B.R.A တပ်ခွဲမှူး ဗိုလ်လက်ျာက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဓာတ်ပုံ- တော်လှန်ရေးတပ်များက လင်းဇင်တိုက်နယ်ရဲစခန်းကို ယခင်ကလည်း မကြာခဏ ဆိုသလို သွားရောက် တိုက်ခိုက်ခဲ့စဉ်။
