24 C
Yangon

မြဝတီမြို့ ၊ ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး မဘသ အစွန်းရောက် စိုင်းမျိုးညွန့်က အသက်မပြည့်သေးသော မိန်းကလေးငယ် ၁၀ ဦးထက်မနည်းကို မုဒိမ်းကျင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှု တရားမျှတမှု မရှာနိုင်သေး

Must read

ရန်ကုန်၊ အောက်တိုဘာလ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ မဘသအစွန်းရောက် တစ်ဦးလည်းဖြစ်သူ စိုင်းမျိုးညွန့်ဦးက ရဲရင့်ယဉ်ကျေးနာမည်ဖြင့် ဓမ္မစကူးအခမဲ့ စာသင်ကျောင်းဖွင့်ကာ အသက်မပြည့်သေးသော မိန်း ကလေးငယ်များ အပါအဝင် ကျောင်းသူ ၁၀ ဦးထက်မနည်းကို မုဒိမ်းကျင့်ခြင်းနှင့် လိင်ပိုင်ဆိုင် အမြတ်ထုတ်မှုများ ကျူးလွန်ခဲ့ကြောင်း ကျူးလွန်ခံရသူမိန်းကလေးတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စိုင်းမျိုးညွန့် ခေါ် ငစိုင်းသည် မြ၀တီမြို့နယ်၊ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သည့်အပြင် စစ်တပ်ထောက်ခံသော မဘသ အစွန်းရောက်၊ အမျိုးသားရေးအစွန်းရောက်တစ်ဦးလည်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ကတည်းက မဘသအဖွဲ့နှင့် စစ်တပ်ထောက်ခံရေးတွင် ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားသူဖြစ်သည်။ ဓမ္မစကူးကျောင်းများ ခေတ်စားအချိန် မြ၀တီမြို့နယ်တွင်လည်း ရဲရင့်ယဉ်ကျေးနာမည်ဖြင့် ဓမ္မစကူးအခမဲ့ စာသင်ကျောင်းဖွင့်ကာ အသက်မပြည့်သေးသော မိန်းကလေးငယ်များကို ကျောင်းသူအဖြစ် လက်ခံသင်ကြားပေးခဲ့သည်။

ထိုသို့ ကျောင်းသူ မိန်းကလေးငယ်များကို လက်ခံ သင်ကြားပေးရင်း ၂၀၁၇ – ၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွင်း အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသူတစ်ဦး နေထိုင် သောအခန်းအတွင်းအထိ ဝင်ရောက်ကာ မုဒိမ်းကျင့်ခဲ့ပြီး မည်သူ့ကိုမျှ ဖွင့်မပြောရန် ခြိမ်းခြောက်ခဲ့ ကြောင်း၊ ထို့အပြင် ကိုယ်ဝန်တားဆေးများကိုလည်း တိုက်ခဲ့ပြီး တရားဝင်ယူမည်ဟုဆိုကာ အတင်း အကျပ်စာချုပ်ကို လက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရသည်။

“မိဘတွေက အဆင်မပြေတော့ အိမ်မှာမနေပဲ ကျောင်းအဆောင်မှာ ပြောင်းနေလိုက်တာ၊ တခြား ကလေးတွေက အိမ်ပြန်သွားတဲ့အချိန် အခန်းထဲထိဝင်လာပြီး စော်ကားတယ်။ သူ့အိမ်မှာဆိုတော့ မအော်ရဲခဲ့ဘူး။ ၈ တန်းနှစ်ဝက်လောက်ကနေ စာမေးပွဲပြီးတဲ့အချိန်အထိ သူစော်ကားတာကို ခံခဲ့ ရတယ်၊ ဘယ်သူ့ကိုမှလည်း မပြောရဲခဲ့ဘူး။ အသက် ၁၄ နှစ်သာသာပဲရှိသေးတဲ့အရွယ်ပါ။ကြောက် လို့ တံခါးပိတ်ပြီးနေရင်လည်း အခန်းထဲကို သော့နဲ့ဖွင့်ပြီး ဝင်လာတယ်။” ဟု ယခုအခါ အသက် ၂၁ နှစ် အရွယ် သို့ရောက်ရှိနေပြီး မုဒိမ်းမှု ကျူးလွန်ခံခဲ့ရသူ မိန်းကလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အခြားမိန်းကလေးငယ်များကိုလည်း မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင် ဆိုင် ရာ မြတ်ထုတ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး မိန်းကလေးစုစုပေါင်း ၁၀ ဦးကျော်ရှိပြီး ဓမ္မစကူး ကျောင်း တည်ထောင်သူအဖြစ်လည်းကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းနေသူ အဖြစ်လည်းကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း ထင်ရှားကျော်ကြားနေသဖြင့် မည်သည့်အဖွဲ့အစည်းကမျှ အရေးယူခြင်းမရှိကြောင်း သိရသည်။

“ညီမဖြစ်တဲ့နှစ်မှာပဲ စော်ကားခံခဲ့ရတဲ့ မိန်းကလေး အတိအကျ ၆ ယောက်ရှိတယ်။ ညီမတို့နှစ်အရင် တုန်းကလည်း ဖြစ်ခဲ့တာရှိတယ်။ ညီမထွက်သွားပြီးတော့ ဖြစ်နေခဲ့တာတွေလည်းရှိတယ်။ မရှိတဲ့ နောက်ပိုင်းကတော့ သတင်းကြားရုံလောက်ပဲ ကြားတော့တာ၊ အတိအကျတော့ မသိရတော့ဘူး။” ဟု ကျူးလွန်ခံရသူမိန်းကလေးက ရှင်းပြသည်။

ကျောင်းသူမိန်းကလေးငယ်များကို မုဒိမ်းမှုကျူးလွန်ခြင်း၊ လိင်မြတ်ထုတ်ခြင်း ကျူးလွန်ခဲ့သူ စိုင်းမျိုးညွန့် သည် အသက် ၄၈ နှစ်အရွယ်ခန့်ရှိပြီး အိမ်ထောင်ကွဲထားသူတစ်ဦးဖြစ်ကာ ကျောင်းသား၊ ကျောင်းသူ များထားသည့် ဘော်ဒါဆောင်အနောက်ဘက်၌ မိသားစုဝင်များနေထိုင်ကြောင်း၊ သားတစ်ဦး၊ သမီးတစ် ဦး ရှိကြောင်း သိရသည်။

“အခုပြောရတဲ့ရည်ရွယ်ချက်ကတော့ အခုချိန်အထိ သူ့ဆီမှာ ကျောင်းသူလေးတွေရှိနေပါသေးတယ်။ အသက် မပြည့်၊ ဘာမှ မသိသေးတဲ့ ကျောင်းသူ လေးတွေကို အဲလိုလုပ်တာရှိလို့ပြောပြတာပါ။ ကျမ ကတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဖြစ်ခဲ့တဲ့ ကျောင်းသူလေးတွေရှိတယ်။ ကျမလည်း သိခဲ့ တယ်။ သိခဲ့ပေမယ့် ကျမလည်း မပြောရဲခဲ့ဘူး။ အဲလို မျိုးနောက်ထပ် မိန်းကလေးငယ်တွေကို ထပ်ပြီး တော့ လိင်အမြတ်ထုတ်ခံရမှာစိုးတဲ့အတွက် အခုလို ပြောခြင်းဖြစ်ပါတယ်။ လူအများကတော့ သူက နာမည်ရှိသူဖြစ်တဲ့အတွက် သိက္ခာချတယ်လို့ ထင်ခဲ့မယ်ဆိုရင်တောင် ကျမ တို့အားလုံးက တရားရုံး မှာ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့အနေအထားတော့ရှိပါတယ်။ အမှန်တရားအတွက်၊ အမျိုးသမီးငယ်လေး တွေအတွက် ပြောခြင်းဖြစ်ပါတယ်။ ကျမကိုယ်တိုင်လည်းအဲဒီမှာ စိတ်ဒဏ်ရာရခဲ့တဲ့အတွက်ပါ။” ဟု အခြားကျောင်းသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် မြ၀တီမြို့ အမှတ် ၅ ရပ်ကွက်အုပ်ချုပ် ရေးမှူးအဖြစ်ဝင်ရောက်လုပ်ကိုင်ကာ စစ်တပ်လက်အောက်ခံ BGF ၊ DKBA အဖွဲ့ အပါအဝင် စစ်တပ်နှင့် အဆင်ပြေသော ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လက်နက်မှောင် ခိုရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးပါဝင်ခြင်း၊ ပြည်သူ့စစ် ခေါ်ပျူစောထီးအဖြစ် တာဝန်ယူခြင်းများကို စိုင်းမျိုးညွှန့်က လုပ်ဆောင်လျက်ရှိသည်။

အုပ်ချုပ်ရေးမှူး ငစိုင်း၏ မုဒိမ်းကျင့်ခံရမှု၊ အရှက်ခွဲခံရမှုတို့ကြောင့် မိန်းကလေးငယ်အချို့မှာ စိတ် ဒဏ် ရာ ရရှိပြီး သတ်သေသည်အထိ ကြိုးစားခြင်း၊ အိမ်ထောင်ကွဲသွားခြင်း၊ သားအိမ်နှင့် ပတ်သက် သောရောဂါများခံစားရခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ်နဲ့ မလိုက်အောင်သောက်ခဲ့ရလို့ မိန်းကလေးရောဂါဖြစ်နေတယ်။ ညီ မ ဘက်မှာ ဘယ်သူမှ မရှိဘူး။ ဘာအင်အားမှလည်း မရှိဘူး။ အမှန်တရားကို သူက လိမ်ပြီး အခုထိ ဖုံးကွယ်ထားတယ်။ တစ်ခုခုပြန်လိုချင်တယ်၊ သမီးလိုချင်တာငွေကြေးမဟုတ်ဘူး။ သူလုပ်ခဲ့တာတွေ အတွက်‌ နောင်တရ အရှက်တကွဲဖြစ်ပြီး လူလည်မှာ သူတော်ကောင်းယောင်ဆောင်နေတဲ့ မျက်နှာဖုံး တွေခွာချချင်တယ်။” ဟု ကျူးလွန်ခံရသူ အခြားမိန်းကလေးငယ်တစ်ဦးက ဆိုသည်။

ယခုအောက်တိုဘာလဆန်းပိုင်းအတွင်း စိုင်းမျိုးညွန့် ကျူးလွန်ခဲ့သော မုဒိမ်းကျင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့်ပတ်သက်၍ မဲဆောက်တွင် ကာယ ကံရှင် မိန်းကလေးငယ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တရားမျှတမှု ရရှိရေး ကြိုးစားနေသော်လည်း လက်ရှိ နိုင်ငံရေးအခြေအနေအရ စိုင်းမျိုးညွန့်ကို အရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

” ကိုစိုင်း(မြ၀တီ) က မြ၀တီဘက်မှာ BGF ရော ၊ DKBA ရောနဲ့ အတော်ကို အဆင်ပြေတယ်။ သူ့ကို အရေးယူဖို့ဆိုတာကလည်း အမှုဖွင့်ဖို့မှာတောင် အတော်ကို အဆင်မပြေလှဘူး။ သူက ပျူစောထီးခေါင်းဆောင်လိုလို မဘသနဲ့ အမျိုးသားရေးအစွန်းရောက်လည်းဖြစ်နေတော့ သူ့ကို တိုင်ဖို့ဆိုရင် တရားဥပဒေနဲ့တော့ အရေးယူဖို့က ခက်ပါတယ်။ တရားဥပေဒဆိုတာကလည်း ပျက်စီးနေတာ။ KNUကို တိုင်ပြီး ကော်သူလေး ဥပဒေနဲ့ပဲ အရေးယူလို့ရမယ့် အခြေအနေလို့ ပြောရမယ်။ ဒါကလည်း မြ၀တီမြို့က စစ်တပ်နဲ့ BGF လက်အောက်မှာ ရောက်နေတော့ သူ့ကို ဖမ်းဆီး အရေးယူဖို့က ခက်ခဲဦးမယ်” ဟု အမှုမှန်ပေါ်ပေါက်ရေး ကူညီပေးနေသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။

စိုင်းမျိုးညွန့်က သူ၏ ဖေ့ဘုတ်စ်တွင် မဘသ အစွန်းရောက် သင်္ကန်းဝတ် ဝီရသူ၊ ဝင်းကိုကိုလတ် အပါအဝင် အစွန်းရောက်များ၊ စစ်တပ်လက်အောက်ခံ ကရင်လက်နက်ကိုင်များနှင့် ရိုက်ကူးထားသော ဓာတ်ပုံများကို ဝေဝေဆာဆာ မျှဝေသည်ကိုတွေ့ရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများအတွက် စွပ်စွဲခံထားရသူ စိုင်းမျိုးညွန့်နှင့် ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article