ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြန်မာစစ်တပ်၏ KK Park ကိုဝင်ရောက်စီးနင်းမှုသည် အတုအယောင်သာဖြစ်ပြီး၊ ပြသနာအားလုံး၏ ဇစ်မြစ်ဖြစ်သည့် မြန်မာစစ်အုပ်စုကို (ဖျက်သိမ်း) အရေးယူမှသာလျှင် ဆိုက်ဘာပြစ်မှုအကျပ်အတည်းသာမက မြန်မာ့အကျပ်အတည်းကိုပါ အပြီးတိုင် အမြတ်ပြတ် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း Justice For Myanmar (JFM) က ယနေ့ထုတ်ပြန်လိုက်သည်။
JFM ၏ထုတ်ပြန်မှုအတွင်း မြန်မာစစ်အုပ်စုသည် နာမည်ဆိုးဖြင့်ကျော်ကြားသော KK Park ဆိုက်ဘာငွေလိမ်ခြံဝန်းကြီးအား အယောင်ပြစီးနင်းမှုတစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီ၏ ဟန်ပြဝင်ရောက်စီးနင်းမှုအတွင်း Starlink စက် အလုံး ၃၀ နှင့်အတူ အလုပ်သမား ၂၁၉၈ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ဖော်ပြပါရှိသည်။
မြန်မာစစ်တပ်သည် ၄င်း၏လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့်အတူ မြေယာထိန်းချုပ်မှု၊ စီးပွားရေးလိမ်လည်မှုများကျူးလွန်ရာ အဆောက်အအုံများတွင် အကျိုးစီးပွားရယူမှု၊ အခွန်ကောက်ခံမှု၊ လုံခြုံရေးဝန်ဆောင်ပေးမှု၊ တရားမဝင်ကုန်သွယ်မှု၊ လူကုန်ကူးမှုနှင့် လူသုံးကုန် ထိန်းချုပ်ရောင်းချမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှ အကျိုးအမြတ်များ ရရှိနေခြင်းကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတကာအရေးယူမှုများအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ ကရင်နယ်ခြားစောင့်တပ်/ ကရင်အမျိုးသားတပ် (BGF/KNA) အပေါ် ဒဏ်ခတ်ပိတ်ဆို့ခဲ့မှုများအကြောင်း ဖော်ပြရာတွင် BGF တပ်ဖွဲ့ဝင်များသည် KK Park ကို လုံခြုံရေးပေးနေကြောင်း အစီရင်ခံခဲ့သလို၊ ၂၀၂၄ ခုနှစ် Deutsche Welle သုတေသနတွင်လည်း ကရင်နယ်ခြားစောင့်စစ်သည်များသည် KK Park တွင် လုံခြုံရေးပေးနေကြောင်း ဖော်ပြထားသည်။ ထို့အပြင် ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုများတွင်လည်း ကရင်နယ်ခြားစောင့်တပ် ဒုတိယဗိုလ်မှူးကြီးစောမုတ်သုန်နှင့် ဗိုလ်မှူးစောတင်ဝင်းတို့နှစ်ဦးအား KK Park တွင် ပါဝင်ပတ်သက်သူ၊ အကျိုးအမြတ်ရရှိသူများအဖြစ် သတ်မှတ်ဖော်ပြကာ ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြောင်း JFM ကဆိုသည်။
စင်စစ် မြန်မာစစ်တပ်၏ ကွပ်ကဲမှုအောက်ရှိ စောချစ်သူ နှင့် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်များ၏ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မှုသည် KK Park ထက်ပင် များစွာကျော်လွန်ကျယ်ပြန့်သည်။ စောချစ်သူနှင့် ၄င်း၏ သားသမီးများသည် ကရင်နယ်ခြားစောင့်တပ် ကုမ္ပဏီ ကိုးခုကို အတူတကွ ပိုင်ဆိုင်ထားပြီး၊ ယင်းကုမ္ပဏီများအနက် Myanmar Apolo International Investment Company Limited (Apollo Park) နှင့် Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) ကုမ္ပဏီနှစ်ခုသည် ဆိုက်ဘာငွေလိမ်ခြံကြီးများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း Justice For Myanmar က ယခင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
မြန်မာစစ်တပ်သည် ပြည်တွင်းဥပဒေဖြင့်လည်းကောင်း၊ နိုင်ငံတကာဥပဒေပါ ဖွင့်ဆိုချက်ဖြင့်လည်းကောင်း အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ဖြစ်သလို၊ မြန်မာပြည်သူများအား မြန်မာနိုင်ငံအတွင်းနှင့် ဒေသဖြတ်ကျော် လူအစုလိုက်အပြုံလိုက် အဓမ္မဖိအားပေးရွှေ့ပြောင်းစေမှုကြီးအတွက် တာဝန်ရှိသူဖြစ်ပြီး၊ ဒေသတွင်းမတည်ငြိမ်မှု၏ အဓိကရေသောက်မြစ် လက်သည်တရားခံ ဖြစ်သည်ဟုလည်း ဆိုသည်။
ထို့ကြောင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများအား ကိုင်တွယ်ဖြေရှင်းမည့် နိုင်ငံတကာအရေးယူဆောင်ရွက်မှုများသည် မြန်မာစစ်တပ်နှင့် ယင်း၏ ပြည်သူ့စစ်အဖွဲ့များအား ကျယ်ပြန့်စွာ ပစ်မှတ်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း JFM က သတိပေးပြောဆိုထားသည်။
ထို့အပြင် ယင်းဝင်ရောက်စီးနင်းမှုသည် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ အချိန်ကိုက်လုပ်ဆောင်ခဲ့ခြင်းပြီး၊ ယင်းသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူကုန်ကူးမှုများတွင် ပါဝင်နေသော စစ်အုပ်စုနှင့် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်တို့၏ အဓိကအခန်းကဏ္ဍကို အာရုံပြောင်းလှည့်စားရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည့်အတွက် လာမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အစိုးရများအနေဖြင့် စစ်အုပ်စုနှင့် ၄င်းတို့ကို တရားဝင်မှုရရှိစေရန် ကြိုးပမ်းသည့် အတုအယောင်ရွေးကောက်ပွဲအား ပြတ်သားစွာ ဆန့်ကျင်ရပ်တည်ကြရန် တိုက်တွန်းတောင်းဆိုသည်။
အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်ဖျက်သိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် မြန်မာပြည်သူများ၏ ရုန်းကန်လှုပ်ရှားမှုကို ပံ့ပိုးကူညီခြင်းဖြင့်သာ ဆိုက်ဘာပြစ်မှုအကျပ်အတည်းနှင့် မြန်မာ့အကျပ်အတည်းတို့အား အပြီးတိုင် အမြတ်ပြတ် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း Justice For Myanmar ကထုတ်ပြန်ထားသည်။




