မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ ဓာတုလက်နက်အသုံးပြုမှု အခြေအနေများကို နိုင်ငံတကာက စောင့်ကြည့်ကာ အစီအမံများချမှတ်ထားရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးလိုက်သည်။
အောက်တိုဘာလ ၂၂ ရက်နေ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ထိုသို့ သတိပေးသွားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အုပ်စုက တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးစက်မှုဓာတုပစ္စည်းများကို အလွယ်တကူပင် အလွဲသုံးစားပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ဓာတုလက်နက်အသုံးပြုမှုအခြေအနေများအား စောင့်ကြည့်ရန်နှင့် စစ်အုပ်စုအပေါ် ကြိုတင်ကာကွယ်ရေးအစီအမံများချမှတ်ရန် အရေးတကြီး လိုအပ်နေကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
မြန်မာစစ်တပ်က ယခင်ရှိခဲ့သည့် ဓါတုလက်နက်အစီအစဉ်နှင့်ပတ်သက်၍ ပွင့်လင်း မြင်သာမှု မရှိခြင်း၊သတင်းဖော်ပြချက်များအရ စစ်တပ်သည် ၁၉၈၀ ပြည့်လွန်နှစ်များက မြန်မာနိုင်ငံအလယ်ပိုင်းတောင်ဘက်တွင် ဓာတုလက်နက်ထုတ်လုပ်ရေး စက်ရုံတစ်ခု လည်ပတ်ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင်လည်း မြန်မာနိုင်ငံအလယ်ပိုင်း၌ အခြားစက်ရုံ တစ်ခုကို ထပ်မံတည်ဆောက်ခဲ့ကြောင်း၊ ပထမစက်ရုံက Annex I ပါ ဓာတုပစ္စည်း တစ်မျိုးဖြစ်သော sulfur mustards ကို ထုတ်လုပ်ခဲ့ကြောင်း၊ သို့သော်လည်း ယင်းအစီအစဉ်ကို စစ်တပ်က တစ်ခါမျှ ကြေညာခဲ့ဖူးခြင်းမရှိဘဲ CWC ၏ တာဝန် ဝတ္တရားများကို ချိုးဖောက်ခဲ့ကြောင်း၊ စစ်ဆေးအတည်ပြုထားသော ဖျက်ဆီးမှုမရှိသည့်အတွက် စစ်တပ်၌ ဓာတုလက်နက်လက်ကျန်ပစ္စည်းများ ပိုင်ဆိုင်မှု ရှိ၊ မရှိမှာ ဆက်လက်မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း သံအမတ်ကြီးက ဆိုသည်။
အကြမ်းဖက် မြန်မာ စစ်အုပ်စုက ဓါတုပစ္စည်းများအသုံးပြုသည့်သာဓကများ မြင့်တက်လာခြင်း၊ စစ်အာဏာ မသိမ်းမီကပင် စစ်တပ်က ဓာတုပစ္စည်းများအသုံးပြုသည်ဟု သံသယဖြစ်ဖွယ် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာဒေသများ၌ ပြင်းအားမြင့် မျက်ရည်ယိုဗုံး၊ white phosphorus နှင့် aluminum phosphide အပါအဝင် ဓာတုပစ္စည်းများအား ကြဲဖြန့်ခဲ့ပြီးနောက် အသက်ရှူ လမ်းကြောင်းဆိုင်ရာပြဿနာ၊ rapid necrosis နှင့် ပျို့အန်ခြင်းစသည့် လက္ခဏာများ ခံစားခဲ့ရသည့် မှတ်တမ်းများရှိကြောင်း ဦးကျော်မိုးထွန်းက ဆက်လက်ပြောဆိုသည်။
ထို့ပြင် စစ်အုပ်စုက စီစဉ်နေသော အတုအယောင် ရွေးကောက်ပွဲမှာ စစ်တပ်က အရပ်သားများအပေါ် ဓာတုလက်နက်များ အသုံးပြုခြင်းအပါအဝင် ရက်စက်ကြမ်းကြုတ်မှုများစွာအတွက် အပြစ်ပေး မခံရသည့်အပြင် ဆက်လက်ကျူးလွန်နိုင်ရေး ခွင့်ပြုချက် ပေးလိမ့်မည်သာဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့၏အလိမ်အညာရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ငြင်းပယ်ကန့်ကွက်ရန် ၊ အကြမ်းဖက်စစ်အုပ်ထံသို့ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီ၊ အခြားသော အရပ်ဖက် – စစ်ဖက်နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများစသည့်စီးဆင်းမှုအားလုံးကို ဖြတ်တောက်ရန် အဖွဲ့ဝင်နိုင်ငံများအားလုံးကို သံအမတ်ကြီးက တောင်းဆိုသည်။





