မြန်မာနိုင်ငံတစ်ဝန်း ရွေးကောက်ပွဲအတွက် မဲစာရင်း စစ်ဆေးသူ များပြားကြောင်း စစ်တပ်က ဓာတ်ပုံများဖြင့် တင်ပြခိုင်းသောကြောင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက နေ့စားများ ခေါ်ယူပြီး လူစုလူဝေးပုံစံ ဖန်တီးကာ လိမ်လည် တင်ပြနေရကြောင်း မြို့နယ်ထွေ/အုပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။
ပထမအကြိမ် မဲစာရင်းထုတ်ပြန်ကြေညာပြီးနောက် စစ်တပ်က မဲစာရင်းများကို ပြည်သူများက အုံလိုက်ကျင်းလိုက် လာရောက်စစ်ဆေးကြရန် ထွေ/အုပ်များကို ဖိအားပေး ခိုင်းစေကြောင်း၊ ထိုသို့ ပြည်သူများက မဲစာရင်းများ လာရောက်စစ်ဆေးသည့် ဓာတ်ပုံများကိုလည်း စစ်တပ်ထံသို့ တင်ပြရန်နှင့် ပြန်ကြားရေးဝန်ကြီးဌာနသို့လည်း ပေးပို့ကြရန် ဖိအားပေးကြောင်း၊ မဲစာရင်း လာရောက်စစ်ဆေးသည့် ဓာတ်ပုံများ မတင်ပြနိုင်ပါက မည်သည့်အတွက် ကြောင့် မဲစာရင်း စစ်ဆေးသူ နည်းပါးရသနည်းဆိုသော ထုချေလွှာများ တင်ပြခိုင်းကြောင်း၊ ထို့ကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှာ နေ့စားဖြင့် လူများခေါ်ယူ၍ မဲစာရင်း စစ်ဆေးသည့်ပုံစံ ဓာတ်ပုံများ လိမ်လည် ရိုက်ကူးတင်ပြခဲ့ကြကြောင်း သိရှိရသည်။
“မဲစာရင်း စစ်ဆေးသူ ၅၀ ရာခိုင်နှုန်း မကျော်ရင် ရပ်ကွက်/မြို့နယ် အုပ်ကြီးတွေကို ဖြေရှင်းချက် ထုချေလွှာ တင်ခိုင်းလို့ ဓာတ်ပုံတွေ လိမ်လည် ရိုက်ကူးပြီး တင်ပြကြရတယ်။ အုပ်ကြီးတွေက စျေးသည်တွေ၊ ဘေးတွဲမောင်းတွေ၊ ပြည်သူ့စစ်တွေ၊ ဆယ်အိမ်မှူး ရာအိမ်မှူး မိသားစုတွေနဲ့ ဧည့်စာရင်း လာတိုင်သူတွေကို လူစုလူဝေး လုပ်ခိုင်းပြီး မဲစာရင်း လာရောက်စစ်ဆေးသူများပြားတယ်ဆိုတဲ့ဓာတ်ပုံတွေ ရိုက်ကြတယ်။ ပြီးတော့ နယ်မြေတပ်နယ်မှူးနဲ့ သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ဆက်ဆံရေးနဲ့ ပြန်ကြားရေးရုံးတွေဆီ ပေးပို့ရတယ်” ဟု မြို့နယ် ထွေ/အုပ် သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းသို့ အခြားဒေသများမှ စစ်ဘေးရှောင်လာသော စစ်ဘေးရှောင် ပြည်သူများ၏ လူဦးရေ စာရင်းများကို ရန်ကုန်တိုင်းထွေ/အုပ်က ကောက်ယူနေပြီး ထောက်ပံ့ငွေနှင့် အစားအသောက်များ ပေးရန်ဟုဆိုကာ ဆန္ဒမဲပေးရမည့် လျှောက်လွှာများ ဖြည့်တင်းခိုင်းနေကြောင်း သိရှိရသည်။
“အခြားနေရာက စစ်ဘေးရှောင်လာပြီး ရန်ကုန်မှာ သန်းခေါင်စာရင်းမရှိရင် ရပ်ကွက်ရုံးမှာ ဖောင်ဖြည့်ခိုင်းတယ်။ ပထမတော့ ထောက်ပံ့ငွေ ပေးမယ်ဆိုပြီး လျှောက်လွှာဖြည့်ခိုင်းတယ်။ တကယ်ဖြည့်ရတဲ့ လျှောက်လွှာ မဲပေးရမယ့် ဖောင်ဖြစ်နေတယ်။ အဲဒီဖောင်မဖြည့်ရင် ရပ်ကွက်မှာ နေခွင့်မပေးဘူး ဆိုတာမျိုးလုပ်လို့ ဖောင်ဖြည့်ပေးခဲ့ရတယ်” ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်နေသည့် စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်မြို့တွင် နေထိုင်နေသည့် စစ်ဘေးရှောင်ပြည်သူများအားလုံးသည် မိမိတို့ရောက်ရှိနေသော မြို့နယ်များတွင် ဆန္ဒမဲပေးရမည်ဟု သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက တရားဝင် ထုတ်ဖော်ပြောဆို လျှောက်လွှာဖြည့်ခိုင်းမှုများလည်းရှိနေကြောင်း သိရှိရသည်။
ယင်းအပြင် အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကိုလည်း ကြိုတင် ဆန္ဒမဲပေးရမည်ဟုဆိုကာ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက သက်ကြီးရွယ်အိုစာရင်း ကောက်ယူနေကြောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ မတိုင်မီ နေအိမ်များအထိ ကြိုတင်မဲများ လိုက်လံ ကောက်ခံမည်ဟု အသိပေးလာကြောင်း ရန်ကုန်မြို့နေ ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




