စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ဝက်မှေးရွာအတွင်း အကြမ်းဖက်စစ်သားများ ဝင်ရောက်၍ ပြည်သူများကို အလှူခံဟုဆိုကာ ခြိမ်းခြောက် ငွေတောင်းခံမှုများ လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က ဆားလင်းကြီးမြို့နယ် ၊ ပလောင်ရွာအတွင်း တပ်စွဲထားရာမှ ဝက်မှေးရွာအတွင်း အုပ်စုဖွဲ့ ဝင်ရောက်လှည့်လည်လာကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းရှိ ပြည်သူများကို အလှူခံသည်ဟုဆိုကာ အနည်းဆုံး ကျပ် ၂၀၀၀၀ ဝန်းကျင်မှ စ၍ တောင်းသွားခြင်းဖြစ်ကြောင်း၊ ထိုနောက် ကျေးရွာအတွင်းရှိ ပြည်သူ ၂ ဦးကို ဖမ်းဆီး၍ PDF ရှိ မရှိ ရိုက်နှက်မေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“စစ်ဝတ်ရယ်၊ ရဲဝတ်ရယ်၊ အရပ်ဝတ်ရယ်နဲ့ သုံးမျိုး ဝက်မှေးရွာထဲ လှည့်တယ်ဗျ။ ပြီးတော့တွေ့တဲ့ လူကို အလှူခံတာပါဆိုပြီး ပိုက်ဆံတောင်းတာ. တစ်ထောင် တန် ထုတ်တော့လည်း တစ်ထောင် နှစ်ထောင် အလှူခံတာ မဟုတ်ဘူးဆိုပြီး ပြောလို့ နှစ်သောင်းထုတ်ပေးလိုက်ရတယ်။ တခြားသူတွေလည်း နှစ်သောင်း၊ သုံးသောင်း ပါကြတယ်။ ပြီးတော့ ဆန်အိတ်တွေလည်း ထမ်းသွားတာ မြင်လိုက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်သားများ၏ ဝက်မှေးကျေးရွာသို့ ပတ်နေစဉ်အတွင်း အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီး၍ PDF များ ရှိ မရှိ ရိုက်နှက်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် နောက်ထပ် လူငယ်တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ထိုသို့ အကြမ်းဖက်စစ်သားများ ဝက်မှေးကျေးရွာအတွင်း ဝင်ရောက် မွှေနှောက်ခဲ့ပြီးနောက် ပြည်သူများ ကျေးရွာအတွင်း မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေးအခြေအနေတင်းမာနေကြောင်း၊ စစ်တပ်က စစ်ကြောင်းများခွဲ၍ စစ်ကြောင်းထိုးခြင်းအပြင် တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း အခြေပြု တပ်စွဲကာ လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်နေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် ကင်းထောက်ခြင်းများလည်း တောက် လျှောက် ဆိုသလုပ် လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများနှင့် ဒေသစစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓာတ်ပုံ- တရုတ်ဝမ်ပေါင်ကုမ္ပဏီ၏ လက်ပံတောင်းတောင် စီမံကိန်းကို လုံခြုံရေးယူပေးနေသည့် အကြမ်းဖက်စစ်တပ်နှင့်ရဲ။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- AP။




