တနင်္သာရီတိုင်း၊ ထား၀ယ်မြို့ပေါ်တွင် အကြမ်းဖက် မင်းအောင်လှိုင်နှင့် ရင်းနှီးပတ်သက်မှုရှိသော စီးပွားရေးသမား ကျော်ကျော်ဦး ပစ်ခတ်ခံရကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဆင်ပုနစ်ရပ်ကွက်ရှိ ခရိုနီ ကျော်ကျော်ဦး နေအိမ် အနီးတွင် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊အဆိုပါတိုက်ခိုက်မှုအတွင်း စီးပွားရေး သမား ကျော်ကျော်ဦးမှာ ကျည်ထိမှန် ဒဏ်ရာရရှိကာ ထားဝယ်မြို့ ဆေးရုံတွင် အရေးပေါ် ကုသမှု ခံယူနေရပြီး သေဆုံးခြင်းရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။
ပစ်ခတ်တိုက်ခိုက်ခံရသော စီးပွားရေးသမား ကျော်ကျော်ဦးမှာ တနင်္သာရီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် မြတ်ကိုနှင့် ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးသူဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင် စက်တင်ဘာလ ၁၈ ရက်နေ့ ထားဝယ်မြို့သို့ လာရောက်စဉ်ကလည်း ကျော်ကျော်ဦး တာဝန်ယူထားသည့် ထားဝယ်ဘိုးဘွားရိပ်သာသို့ လာရောက်ခဲ့သေးကြောင်း၊ မင်းအောင်လှိုင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိပြီး ပတ်သက်မှုလည်းရှိနေကြောင်း သိရသည်။
“အခုပစ်ခံရတဲ့ စီးပွားရေး လုပ်ငန်းရှင် ခရိုနီ ကျော်ကျော်ဦးက စစ်ကောင်စီနဲ့ ပတ်သက်မှုရှိတဲ့ကောင်ပါ။ သူက တနင်္သာရီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် မြတ်ကိုနဲ့လည်း ပုဂ္ဂိုလ်ရေးအရ အလွန်ရင်းနှီးတယ်။ မင်အောင်လှိုင်လာတုန်းကလည်း သူတာဝန်ယူထားတဲ့ ဘိုးဘွားရိပ်သာကို လာသွားသေးတယ်။ အဲပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ ပစ်ခတ်ခံရတာကတော့ သေချာတယ်။ အခုဆေးရုံမှာတင်ထားတယ်လို့ပြောတယ်။ သေ၊ မသေကတော့ စောင့်ကြည့်နေတုန်းပဲ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည့်သည့် လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များကလည်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။




