ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မီးပုံးပျံပွဲ၌ ကြံ့ဖွတ်ပါတီက မီးပုံးပျံလွှင့်တင်စဉ် ရုတ်တရက် မိုးရွာသဖြင့် မီးပုံးပျံ မီးလောင်ကာ ပျက်ကျခဲ့ပြီး လူတိုးဝှေ့ကြသဖြင့် လူပိ၍ ၂ ဦး ထက်မနည်းသေဆုံး ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၁ ရက် ညပိုင်းက တောင်းကြီးမြို့၌ ကျင်းပသည့် တန်ဆောင်တိုင် မီးပုံးပျံလွှင့် တင် ပြိုင်ပွဲတွင် ကြံ့ဖွတ်ပါတီက အလှည့်ကျ မီးပုံးပျံ လွှတ်တင်စဉ် ရုတ်တရက်မိုးရွာသွန်းပြီး မီးပုံးပျံ မှာလည်း မီးလောင်ပျက်ကျခဲ့ကြောင်း၊ ထို့ကြောင့် လူများပြေးလွှားတိုးဝှေ့ကြသဖြင့် လူပိကာ အနည်း ဆုံး ပြည်သူ ၂ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း၊ အချို့ကလေးငယ်များမှာ တက်နင်းခံရသဖြင့် သတိ လစ်မေ့ မျောသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။
“အမျိုးသမီးတစ်ဦးသေတယ်လို့ သိရတယ်၊ မြို့ပေါ်က ပြည်သူလား၊ တခြားနယ်က လာတဲ့သူလား တော့ မသိရသေးဘူး။ စုံစမ်းနေတုန်းပဲ၊ စစ်ကောင်စီကတော့ ထုံစံအတိုင်း သတင်းဖုံးထားတယ်။ မိုး က ရုတ်တရက်ရွာလာလို့ မိုးခိုဖို့ နေရာရှာရင်း တစ်ယောက်ပေါ် တစ်ယောက် တက်နင်းမိတာ၊ တချို့ အရပ်ပုတွေသူတွေ၊ ကလေးငယ်တွေဆိုရင် အသက်ရှုမဝဖြစ်ပြီး သတိလစ်တဲ့အထိဖြစ်တယ်၊ လူနာ တင်ကားတွေလည်း အဆက်အပြတ်သယ်ထုတ်နေရတာ။ တစ်ချို့တော့ ဒီနေ့မနက်မှ သတိရတယ်၊ တစ်ချို့တော့ သတိမရသေးဘူးလို့ သိရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယခု လူပိခံရ၍ အထွေထွေအုပ်ချုပ်ဦးစီးဌာနဝန်ထမ်း အမျိုးသမီးတစ်ဦး မောင်ဖြစ်သူ အသက် ၃၉ နှစ် အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂ ရက် နေ့တွင် အသုဘချခဲ့ကြောင်း အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြား သည်။
“မနေ့ညက ဖြစ်စဉ်မှာ ထွေအုပ်ရုံး ဝန်ထမ်းရဲ့ မောင်ဖြစ်သူ တစ်ယောက်သေတယ်၊ သူက ဒီနေ့ အသု ဘချတယ်။ အိမ်နာမည်ကတော့ ငသက်လို့ခေါ်တယ်။ နာမည်အရင်းတော့ မသိဘူး။ အသက်က ၃၉ နှစ်ပါ၊ ကြံဖွတ်ပါတီက မီးပုံးလွှတ်တဲ့အချိန် မိုးရွာလို့ လွှတ်တဲ့မီးပုံးလည်း ပျက်ကြတယ်။ လူတွေ လည်း ပြေးကြလွှားကြရင်း ပိပြီးသေတာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
အဆိုပါ မီးပုံပျံလွှတ်တင်ပွဲကို မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရှမ်းပြည်နယ်အစိုးရက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း လူပိ၍ သတိလစ်မေ့ မြောခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း တန်ဆောင်တိုင် ပွဲလာသူများကို ရောင်းချသည့် အစားအစာများ စားသောက်မိ၍ အစာအဆိပ်သင့်ကာ ရဲ ၁ ဦးသေဆုံးပြီး အရပ်သားပြည်သူ ၆ ဦး မူး လဲသွားသဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း သိရသည်။






