26 C
Yangon

ရန်ကုန်တိုင်း၊ သာကေတ၊ ကွမ်းခြံကုန်းနှင့် တွံ့တေးတို့တွင် မိုင်းခွဲမှုနှင့်ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

Must read

ရန်ကုန်၊ ဇူလိုင် ၂ 

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့်တွံ့တေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များနှင့် စစ်တပ်ဘက်တော်သားများကို မိုင်းခွဲမှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်များ နှင့်ဒေသခံများထံမှ သိရှိရသည်။ 

ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင်  ကွမ်းခြံကုန်းမြို့နယ် ပကဖ နှင့် မြို့ပြတော်လှန်ရေးတပ်ဦး – URF တို့ ပူးပေါင်းကာ ကွမ်းခြံကုန်း – တော်ကူး ကားလမ်းကုက္ကိုပင် တံတား အနီးတွင် စစ်ကောင်စီကို အထောက်အပံ့ပြုနေသော ပျူစောထီးများလိုက်ပါလာသောကားကို မိုင်းဆွဲတိုက်ခဲ့ကြောင်း၊ ပျူစောထီး ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး ​သေဆုံးမှုကိုအတိအကျမသိရ​သေးကြောင်း၊  ထိခိုက်မှုကို စစ်တပ်က သတင်းဖျောက်ထားပြီး မိုင်းခွဲခံရသော  ပျူစောထီးများ စီးနင်းလာသော ကားမှာလည်း ပျက်စီးသွားကြောင်း သိရှိရသည်။ 

အလားတူ ယနေ့ ဇွန်လ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် သာကေတမြို့နယ် ၊၇ရပ်ကွက် ၊၈ရပ်ကွက် နှင့်အဝိုင်းကြီး အနီးတွင် ဗုံးပေါက်ကွဲသံ ကြားရကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။ 

ထို့ပြင် တွံတေးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များမှ  အုပ်ချုပ်ရေးမှူးများ၏နေအိမ်‌များကို မြို့ပြပြောက်ကျား(တွံတေး)အဖွဲ့က ယမန့်နေ့ညပိုင်းက ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း  အဆိုပါအဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။ 

ယမန်နေ့ ဇူလိုင် (၁)ရက် ညပိုင်းက တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်နိုင်ဦးနေအိမ်၊ အိုးဘို(အနောက်)ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လူယုံ  ရာအိမ်မှူး အောင်မြင့်ထွန်းနေအိမ်၊ ဈေးသစ်ရပ်ကွက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထင်ကျော်၏နေအိမ်နှင့် အိုးဘို(အရှေ့)ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးလူယုံ တင်ထွန်း၏နေအိမ်များကို တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများတွင် ဈေးသစ်ရပ်ကွက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထင်ကျော် ၏နေအိမ် နှင့် အိုးဘိုအရှေ့ရပ်ကွက် ရာအိမ်မှူးနေအိမ်များတွင် ထောင်ထားသော မိုင်းများချို့ယွင်း၍  မပေါက်ကွဲခဲ့ကြောင်း၊ ကျန်မိုင်းများ ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- ရန်ကုန်မှ အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- Reuters ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article