ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ကျုံရပ်ကျေးရွာတွင် နေထိုင်သော ကိုဆန်းထွဋ်ကို အုပ်ချုပ်ရေးမှူးအဖွဲ့က စစ်မှုထမ်းဆင့်ခေါ်စာဖြင့် ငွေညှစ်တောင်းခံသောကြောင့် ကြိုးဆွဲချ သတ်သေသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျုံရပ်ကျေးရွာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူး ကျော်မင်းထွန်း၊ ရာအိမ်မှူး ဝင်းနိုင်တို့အဖွဲ့က ကျေးရွာအတွင်း နေထိုင်သော ကိုဆန်းထွဋ်ကို စစ်မှုထမ်း ဆင့်ခေါ်စာပေးပို့ခဲ့ကြောင်း၊ ထို့ပြင် စစ်မှုမထမ်းလိုပါက ငွေကျပ် ၂ သိန်းခွဲ ပေးရန် အကြမ်းဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများက ငွေညှစ်မှုများပါ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ငွေညှစ်မှု လုပ်ဆောင်ခြင်းကြောင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် ကိုဆန်းထွဋ်သည် ကျုံရပ်နှင့် မြင်းကဆိပ် ဆက်သွယ်ရေးလမ်းတွင် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသော ကိုဆန်းထွဋ်တွင် ဇနီး နှင့် အတူ အသက် ၈ နှစ်နှင့် ၂ နှစ်အရွယ် သမီးငယ် ၂ ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စစ်မှုထမ်းဆင့်ခေါ်ခြင်းနှင့် ငွေညှစ်ခံရခြင်းကြောင့် ကိုဆန်းထွဋ် ကြိုးဆွဲချ သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကို အကြမ်းဖက် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူး ကျော်မင်းထွန်း၊ ရာအိမ်မှူး ဝင်းနိုင်၊ စစ်တပ် ဒေါက်တိုင် နမော နှင့် သန်းမိ တို့က ရပ်ကွက်အတွင်း ကိုဆန်းထွဋ်သည် အကြွေးရှိ၍ သတ်သေသည်ဟု ကောလာဟလများ ဖြန့်ဝေနေကြောင်း သိရသည်။
ထို့ပြင် ကိုဆန်းထွဋ်၏ မိသားစုဝင်များကို သေဆုံးသည့် အကြောင်းအရင်းကို မတော်တဆ ဖြစ်ရပ်ကြောင့် သေဆုံးသည်ဟုသာ ပြောဆိုရန်နှင့် ရုပ်အလောင်းကို ချက်ချင်း သဂြိုလ်ရန် အုပ်ချုပ်ရေးမှူး ကျော်မင်းထွန်းက ဖိအားပေး ခြိမ်းခြောက်နေကြောင်း သိရှိရသည်။
“ကိုဆန်းထွဋ်သေဆုံးမှုကို အုပ်ချုပ်ရေးမှူး ကျော်မင်းထွန်း ဦးဆောင်တဲ့ အဖွဲ့က မတော်တဆကြောင့် သေတာ အကြွေးတွေရှိတော့ သတ်သေတာဆိုပြီး ရပ်ရွာထဲမှာ ကောလာဟလ လိုက်ပြောပြီး သတင်းလွှင့်နေတာ သူတို့ စစ်မှုထမ်းကြေး ဖိအားပေးတောင်းခံလို့ ကြိုးဆွဲချ သေဆုံးတာကို လျှို့ဝှက်ထားတယ်။ အခုလည်း မိသားစုကို မတော်တဆဖြစ်လို့ သေတာပါဆိုပြီး ပြောဖို့နဲ့ အလောင်းကို ချက်ခြင်းသဂြိုလ်ဖို့ ဖိအားပေး လုပ်ဆောင်ခိုင်းနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




