ကြံ့ဖွတ်ပါတီမှ ဗိုလ်ချုပ်ဟောင်းများက နယ်မြေဆင်း၍ မဲဆွယ်စည်းရုံးရေးမှာ လုပ်ဆောင်နေရာတွင် စစ်သား၊ ပျူစောထီးနှင့်ရဲများကို အရပ်ဝတ်များအပြင် ကြံ့ဖွတ်အင်္ကျီပါဝတ်ခိုင်း၍ လိုက်ပါလုံခြုံရေးယူပေးနေကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ ဒီဇင်ဘာ ၂၆ ရက်နေ့ထိ ရက်ပေါင်း ၆၀ မဲဆွယ်ခွင့်ပေးထားရာ ကြံ့ဖွတ်ပါတီမှ ဗိုလ်ချုပ်ဟောင်းများကလည်း မဲဆွယ်စည်းရုံးမှုများကို နယ်မြေကွင်းဆင်း၍ စတင်လျက်ရှိကြောင်း၊ ထိုသို့ နယ်မြေကွင်းဆင်း မဲဆွယ်စည်းရုံးရာတွင် စစ်သား၊ရဲနှင့်ပျူစောထီးများကို အရပ်ဝတ်များ၊ ကြံ့ဖွတ်ပါတီဝင် အင်္ကျီများ ဝတ်ခိုင်း၍ လုံခြုံရေးအဖြစ် ခေါ်ဆောင်သွားကြောင်း၊ လုံခြုံရေးအနေဖြင့် ဗိုလ်ချုပ်ဟောင်းများ၏ ကိုယ်ပိုင် လုံခြုံရေးအဖွဲ့၊ ပါတီ၏ လုံခြုံရေးအဖွဲ့နှင့် သက်ဆိုင်ရာ နယ်မြေမှ စစ်သား၊ရဲနှင့်ပျူစောထီး လုံခြုံရေးအဖွဲ့ ဟူ၍ အတွင်းစည်း၊ အပြင်စည်းများ သတ်မှတ်ကာ အထူး လုံခြုံရေး ပေးထားကြောင်း သိရှိရသည်။
“ဗိုလ်ချုပ်ကြီးတွေကတော့ လုံခြုံရေး စည်းတွေ၊ လုံခြုံရေးအဖွဲ့တွေ ထားပြီး နယ်မြေကွင်းဆင်းပါတယ်။ တပ်၊ရဲနဲ့ ပြည်သူ့စစ်တွေကတော့ အရပ်ဝတ်နဲ့ သို့မဟုတ်ရင် ပါတီအင်္ကျီဝတ်ပြီး လိုက်ခိုင်းတယ်။ ယူနီဖောင်းတွေနဲ့ လိုက်တာမျိုး မရှိဘူး။ လက်နက်တွေဘာတွေလည်း အပြင်မှာ ထုတ်ကိုင်တာမျိုး မရှိဘူး။ လိုက်ကြတာတော့ အဖွဲ့စုံ လိုက်ကြတယ်။ အရပ်ဝတ်နဲ့ သို့မဟုတ် ပါတီအဝတ်နဲ့ လုံခြုံရေး လိုက်ယူကြတာ” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရှင်းပြသည်။
မင်းအောင်လှိုင်၏ စေခိုင်းချက်အရ စစ်ကော်မရှင်မှ စစ်အရာရှိကြီးများဖြစ်ကြသည့် အောင်လင်းဒွေး၊ မြထွန်းဦး၊ ဝန်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း (OTS-66) ၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း တေဇကျော် (DSA – 28)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ (DSA – 29)၊ဒု ဗိုလ်ချုပ်ကြီးဟောင်း ဖုန်းမြတ် (OTS 73)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် (DSA 26)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင် (DSA-31) တို့က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်တို့မှ ကြံ့ဖွတ်ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နေကြသည်။
အကြမ်းဖက်စစ်ကော်မရှင်မှ အောင်လင်းဒွေးက နေပြည်တော်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (PR) တွင်လည်းကောင်း၊ ညိုစောက ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှလည်းကောင်း၊ မြထွန်းဦးက ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မှ လည်းကောင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံက စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင်က မကွေးမြို့နယ် မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းက မအူပင်မြို့နယ် မဲဆန္ဒနယ်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မျိုးသိန်းဇော်က ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်တွေက ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ဇေယျာသီရိမြို့နယ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီးတင်အောင်စန်းက ဥတ္တရသီရိမြို့နယ်၊ မင်းကင်းမောင်မြင့်က ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်၊ အငြိမ်းစားဗိုလ်ချုပ်ကြီးမြတ်ဟိန်းက ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဘူးလက်လှဆွေ၊ ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းက တပ်ကုန်းမြို့နယ် မဲဆန္ဒနယ်တို့တွင် အသီးသီးယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








