ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း ရခိုင်ဒေသ သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာသို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲချမှုကြောင့် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦး စုစုပေါင်း ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းအပြင် ပြည်သူ ၇ ဦးမှာလည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ယနေ့ နံနက် ၁၁ နာရီအချိန် စစ်တွေအခြေစိုက် ခမရ ၃၄၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ နံနက် ၁၁ နာရီ ၂၉ မိနစ်အချိန် ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာသို့ လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချခဲ့သဖြင့် အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၇ နှစ်မြောက် မွေးနေ့မို့လို့ တမင်ကို စစ်တပ်က လေကြောင်းရော လက်နက်ကြီးရော တိုက်ခိုက်နေတယ်လို့ ထင်တယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသော ရခိုင်ဒေသသတင်းရင်းမြစ်တစ်ခုက မှတ်ချက်ပြုသည်။
AA ကလည်း စစ်တပ်က အထိနာနေသဖြင့် ပြည်သူလူထုကို ဦးတည်သော လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ရှိလာနေသဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






