အကြမ်းဖက် စစ်တပ်၏ မတရား ဖမ်းဆီးချုပ်နှောင်မှုအတွင်း ဆေးကုသခွင့် ငြင်းပယ်ခံနေရသော မိခင်ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ရှည် မနေနိုင်မည်ကို စိုးရိမ်မိကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က အမေရိကန်အခြေစိုက် TIME မဂ္ဂဇင်းတွင် ဆောင်းပါး ရေးသားထားသည်။
မြန်မာနိုင်ငံက အကျဉ်းထောင်များမှာ နာမည်ဆိုးဖြင့် ကျော်ကြားပြီး နိုင်ငံရေးအကျဉ်းသား ၂ ဦး လစဉ်သေဆုံးနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆေးကုသခွင့် ၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ အခြေခံ လူ့အခွင့်အရေးများ ဆုံးရှုံးနေကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အသက်ရှည်ရှည် မနေနိုင်တော့မည်ကို စိုးရိမ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ပြန်လည် လွတ်မြောက်ပြီး လိုအပ်နေသည့် စောင့်ရှောက်မှုများကို ရရှိနိုင်ကာ မကြာခင် ပြန်လည် ဆုံတွေ့နိုင်မည်ဟု မျှော်လင့်ကြောင်းသူက ပြောဆိုသည်။
မိခင်ဖြစ်သူကို ပြန်လည် လွှတ်ပေးရေး တောင်းဆိုချက်မှာ ကိုယ်ရေးကိုယ်တာကိစ္စသာမက ကိုယ့်ကျင့်တရားဆိုင်ရာကိစ္စလည်းဖြစ်ကြောင်း၊ အမှန်တရား၊ တာဝန်ခံမှုနှင့် လွတ်လပ်စွာ ပြောဆိုခွင့်မရှိသည့် မြန်မာလူမျိုး သန်း ၅၀ ကျော်၏ ဘဝများနှင့်လည်း ပတ်သက်နေကြောင်း၊ ယခု နိုဝင်ဘာ ၈ ရက်နေ့မှာဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့သော ရွေးကောက်ပွဲ ဆယ်စုနှစ်တစ်ခု ပြည့်မြောက်သည့်နေ့လည်းဖြစ်ကြောင်း၊ စစ်တပ်က ယခုအခါ အတုအယောင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပြီး ကမ္ဘာကြီးအနေဖြင့် နှုတ်ဆိတ်မနေသင့်ကြောင်း ၎င်းက ဆိုသည်။
စစ်တပ်အနေဖြင့် ရွေးကောက်ပွဲ မကျင်းပမီ မိခင်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လည် လွှတ်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
အသက် ၈၀ ပြည့်နေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နှလုံး၊ သွားဖုံးနှင့် အရိုးရောဂါများနှင့်ပတ်သက်သော ကျန်းမာရေးဆိုင်ရာ ရောဂါဝေဒနာများ ခံစားနေရကြောင်း၊ ယခင်က အချုပ်အနှောင်ကျခံခဲ့ရသည့် အခြေအနေများနှင့်မတူကြောင်း၊ ယခင် နေအိမ်အကျယ်ချုပ်ကာလက နေအိမ်တွင် နေထိုင်ရပြီး မိသားစုနှင့် ဆက်သွယ်ခွင့်ရရှိကြောင်း၊ ယခုအခါ မည်သည့်နေရာမှန်းမသိသည့်နေရာတွင် ချုပ်နှောင်ထားကြောင်း၊ ယခင်က ခရစ္စမတ်ကိုပင် ဖခင်၊ အစ်ကို၊ မိခင်တို့ အတူတကွ ရှိနေခွင့်ရှိခဲ့ကြောင်း ကင်မ်အဲရစ်ကဆိုသည်။





