28 C
Yangon

ဖားကန့်တွင် စစ်ကားနောက် ကပ်လိုက်သော ဆိုင်ကယ်စီးအမျိုးသမီး ၁ ဦး မိုင်းထိမှန်ပြီးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ယူမာရွာဘုန်းကြီးကျောင်းတွင် ပေါက်ကွဲမှုဖြစ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကားနောက်၌ ဆိုင်ကယ်ဖြင့် ကပ်၍ လိုက်ပါလာသော အမျိုးသမီး ၁ ဦး မိုင်းထိမှန်ပြီးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မှော်စီစာကျေးရွာ မိန်းလမ်းမကြီးပေါ်ရှိ မှော်စီစာအောက် ဘုန်းကြီးကျောင်းအနီးတွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ကား ၁ စီး မိုင်းထိမှန်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းထိမှန်မှုအတွင်း စစ်သားများ လိုက်ပါလာသော ကားနောက်တွင် လိုက်ပါလာသော အသက် ၂၀ အရွယ် အမျိုးသမီ ၁ ဦး မိုင်းထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်းမှာ မှော်စီစာကျေးရွာ မိန်းလမ်းမကြီးပေါ် မှော်စီစာအောက် ဘုန်းကြီးကျောင်းအနီးမှာ စစ်ခွေးကား မိုင်းထိမှန်တာ အဲတာ စစ်ခွေးကားနောက်ကို ဆိုင်ကယ်နဲ့ ကပ်ပြီး လိုက်ပါလာတဲ့ အမျိုးသမီးပါ မိုင်းစ ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရတယ်။ စစ်ခွေးကား အခြေအနေတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာရွာ ဘုန်းကြီးကျောင်းကိုလည်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်းကလည်း အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ရမ်းခတ်ပစ်ခတ်ခြင်းကြောင့် ယူမာရွာ ဘုန်းကြီးကျောင်းအပေါ်သို့ ကျရောက်ပြီး ပေါက်ကွဲခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ကာ သံဃာတော်များနှင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

“ဘုန်ကြီးကျောင်းဆောင်တွေတော့ ပျက်စီးသွားပါတယ်။ ပြည်သူတွေတော့ ထိခိုက်မိတာတွေတော့ မရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းရွာ ကု‌ဋေမှော်၊ ခရေစီ လက်ဖက်ရည်ဆိုင်အနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင့် ပြည်သူ ၁ ဦး ဦးခေါင်းတွင် ဗုံးစထိမှန်ကာပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖားကန့်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်ကြောင့် ၃ လကျော် အတွင်း အရပ်သား ပြည်သူ ၈၅ ဦးသေဆုံးကာ ၂၆၀ ဦး နီးပါးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article