တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ခမရ ၄၀၆ နှင့် ခမရ ၄၀၉ တပ်ရင်းတို့မှ စစ်မှုထမ်း တပ်သား ၃ ဦးနှင့် စစ်သား ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၄၀၆ နှင့် ခမရ ၄၀၉ တပ်ရင်းတို့မှ စစ်မှုထမ်း တပ်သား ၃ ဦးနှင့် စစ်သား ၁ ဦးတို့သည် လောင်းလုံး သံမဏိလိပ်ပြာ-LL.S.B.F နှင့် ဒေါနချေမှုန်းရေးတပ်ခွဲ ၇ – LPF အဖွဲ့ထံသို့ ချိတ်ဆက်၍ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသူ ၄ ဦးသည် ခမရ ၄၀၆ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ကိုအောင်နိုင်ဝင်း၊ ခမရ ၄၀၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ကိုကျော်သက် ၊ တပ်သား ကိုနေဝင်းဇော် နှင့် စစ်မှုထမ်းတပ်သား ကိုအောင်ဇော်မျိုး တို့ဖြစ်ကြောင်း သိရှိရသည်။
ယင်းစစ်မှုထမ်း တပ်သားသစ် ၃ ဦးနှင့် စစ်သား ၁ ဦးကို လက်ရှိချိန်တွင် လောင်းလုံး သံမဏိလိပ်ပြာ LL.S.B.F နှင့် ဒေါနချေမှုန်းရေးတပ်ခွဲ ၇ -LP.F အဖွဲ့တို့က လုံခြုံစိတ်ချရသော နေရာကို ပို့ဆောင်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
” ၄ ဦးလုံးကတော့ စစ်မှုထမ်း တပ်သားသစ် မဟုတ်ပါဘူး။ စစ်သား ၁ ဦးတော့ပါပါတယ်။ လက်နက်တွေတော့ ယူဆောင်လာတာ မရှိပါဘူး။ အခုတော့ သူတို့ အကုန်လုံးကို လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ထားပါပြီ” ဟု လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိအချိန်တွင် တော်လှန်ရေးနှင့် စစ်ရေးအရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်တပ်မှ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် တော်လှန်ရေး ညီနောင်များက တိုက်တွန်းထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




