တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွားနေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်အစောပိုင်းတွင် လောင်းလုံးမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် မြို့အနီးရှိ ညင်းမော်ရွာကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ညင်းမော်ရွာထဲ၌ ရှိနေသေးပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ညင်းမော်ရွာမှ ပြည်သူများအပါအဝင်အနီးအနားရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ထိတွေ့ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနိုင်ကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက မနေ့က လောင်းလုံးမြို့နဲ့ အနီးအနားမှာရှိတဲ့ ညင်းမော်ရွာကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်လာလို့ တိုက်ပွဲဖြစ်တာ မြေပြင်မှာတော့ စစ်ရေးဆက်လက် တင်းမာနေတုန်းပဲ စစ်ခွေးစစ်ကြောင်းကရှိသေးတယ်။ ရွာထဲကနေ ပြန်မဆုတ်သေးဘူး။ အခုထိရှိသေးတယ်။ ပြည်သူတွေလည်း ရွာလုံးကျွတ်ကို ပြေးနေရတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၉ ရက်နေ့တွင် မြိတ်-ထားဝယ် လမ်းပိုင်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က ချောက်ချောင်းရွာကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်သားများက နေအိမ်များကို မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီ မြိတ်-ထားတယ် လမ်းပိုင်းမှာက တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ဂိတ်စခန်းတွေရှိတယ်ပေါ့။ အဲတာတွေကို စစ်ခွေးတွေက ရှင်းလင်းဖို့ စစ်ကြောင်းထိုးလာတာဖြစ်မယ်။ ထိတွေ့မှု အနည်းငယ်ဖြစ်ပြီးတော့ စစ်ခွေးတွေက ရွာကို ဝင်ရောက်စီးနင်းမီးရှို့တာ တိုက်ပွဲက ခဏလေးပဲဖြစ်သွားတယ်လို့ သိရတယ်။ ထိတွေ့မှုဖြစ်ပြီးတာနဲ့ ခွေးတွေက နေအိမ်တွေကို မီးရှို့တော့တာပဲ” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




