အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအတွက် အဆိုတော်များကို စစ်တပ်က ခေါ်ယူ ဝါဒဖြန့်ခိုင်းလျက်ရှိကြောင်း သိရှိရသည်။
စစ်တပ်က အဆိုတော် အောင်လ၊ ဝေလ၊ ဖိုးကာ၊ ရဲရင့်အောင်၊ အောင်ထက်၊ ဖြိုးမြတ်အောင်၊ ဟန်နေတာ၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ချမ်းမြေ့မောင်ချို၊ မေလသံစဉ်၊ အိမ့်ချစ်၊ အေးမြဖြူနှင့် လိမ္မော်သီး တို့ကို ခေါ်ယူခဲ့ပြီး စစ်တပ်၏ ရွေးကောက်ပွဲ ထောက်ခံသော လှုပ်ရှားမှုများတွင် ရွေးကောက်ပွဲ ထောက်ခံသော စာသားများ ရွတ်ခိုင်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဆက်လက်၍ အဆိုတော်များအားလုံးကို ထိုသို့ ခေါ်ယူ ရိုက်ကူးခိုင်းမည်ဟု စစ်တပ်က တရားဝင် သတင်းထုတ်ပြန်သည်။
ယင်းအပြင် ကိုင်ဇာ ရေးစပ်ပြီး မိုးယံဇွန်၊ နန်းဆုရတီစိုး၊ ရတနာမိုင်တို့ သီဆိုကာ ထွန်းကိုကို၊ ယွန်းယွန်းနှင့် သဥ္ဇာတို့ သရုပ်ဆောင်ထားတဲ့ တူတူမဲသွားပေးကြစို့ သီချင်းကိုလည်း စစ်တပ်လက်အောက်ခံ ချန်နယ်များတွင် ထုတ်လွှင့်နေသည်။
စစ်တပ်က သရုပ်ဆောင်များ၊ အဆိုတော် များအပါအဝင် အနုပညာရှင်များအားလုံးကို ရွေးကောက်ပွဲ ထောက်ခံသော လှုပ်ရှားမှုများအတွင် မဖြစ်မနေပါဝင်ရန် ဖိအားပေးစေခိုင်းမှုများ လုပ်ဆောင်လျက်ရှိသည်။
စစ်တပ်၏ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲဆိုင်ရာ အလိမ် အညာဝါဒဖြန့် ဇာတ်လမ်းကို လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်သည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် ၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ဒါရိုက်တာသက်လွင်(ခ)ဇမ္ဗူထွန်းသက်လွင် တို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးဖြစ်သည်။







