ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးထောင်မှ အမျိုးသမီးအဆောင် ဦးစီးမှူး ဒေါ်ဇင်မာကြည်က နိုင်ငံရေးအကျဉ်းသူ မမေသူနိုင်ကို အကြောင်းမဲ့ တိုက်ပိတ် ဖိနှိပ်ညှဉ်းပန်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဦး ဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဒိုက်ဦးအကျဉ်းထောင်၏ အမျိုးသမီးအဆောင်ဦးစီးမှူး ဒေါ်ဇင်မာကြည်အောင်က နိုင်ငံရေးအကျဉ်းသူ မမေသူနိုင် နေမကောင်းဖြစ်နေ၍ နံနက်ဘုရားရှိခိုးချိန် အိပ်ရာ မထနိုင်သည်ကို အိပ်နေသည်ဟူသော အကြောင်းပြချက်ဖြင့် ဝန်ထမ်းအင်အားသုံး၍ အဆောင်တွင်းမှ ခေါ်ဆောင်ကာ တိုက်ပိတ်ပြစ်ဒဏ် ပေးခဲ့ကြောင်း ၊ မမေသူနိုင်သည် ပုဒ်မ ၅၂ က ဖြင့် မတရားအကျဉ်း ချထိန်းသိမ်းခံနေရသည့် နိုင်ငံရေးအကျဉ်းသူ ဖြစ်ပြီး နေမကောင်းဖြစ်၍ နံနက် ၅ နာရီဝန်းကျင် ဘုရားရှိခိုးချိန်တွင် မထနိုင်၍ လဲလျောင်းနေခဲ့သည်ကို ဦးစီးမှူး ဒေါ်ဇင်မာကြည်အောင်သည် အိပ်စက်မှုသည် စည်းကမ်းဖောက်ဖျက်ခြင်းဖြစ်သည်ဟု အကြောင်းပြ၍ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ၎င်း၏အာဏာကို အသုံးပြုကာ အင်အားသုံး၍ ဥပဒေမဲ့ တိုက်ပိတ်ပြစ်ဒဏ်များ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခုအချိန်အထိလည်း နိုင်ငံရေး အကျဉ်းသူ အနည်းဆုံး ၁၈ ဦးလောက်ဟာ တိုက်ပိတ်ခံထားရဆဲ ဖြစ်တယ်။ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဦးစီးမှူး ဒေါ်ဇင်မာကြည်အောင် သူဟာ နိုင်ငံရေးအကျဉ်းသူတွေကို ဦးတည်ဖိနှိပ်နေတဲ့၊ အမျိုးသမီးချင်း ကိုယ် ချင်းစာနာမှုမရှိဘဲနဲ့ အမျိုးသမီးတွေကို ဖိနှိပ်နေသူဖြစ်ပါတယ်။ တစ်ခါခါမှာ နိုင်ငံရေးအကျဉ်းသူတွေကို ရိုက်နှက်တာတွေ၊ အတင်းအဓမ္မဖိအားပေးပြီးတော့ ရိုက်နှက် ဆွဲခေါ်မှုတွေ ၊ တိုက်ပိတ်မှုတွေ ဒါတွေကို အဓိက လုပ်ဆောင်နေတဲ့ ဒေါ်ဇင်မာကြည်အောင်ကို ပိုပြီးမှ အာရုံစိုက်ပြီးမှ စောင့်ကြည့်ရဖို့ လိုအပ်သလို နိုင်ငံရေးအကျဉ်းသူတွေ အကြောင်းပြချက်မဲ့ပြီးမှ အခုလိုမျိုး တိုက်ပိတ်ခံနေရတာကိုလည်း ပြည်သူလူထုအနေနဲ့ အထူးအာရုံစိုက်ပြီးမှ အသံထွက်ပေးကြဖို့ လိုအပ်တယ်။ ဒါမှသာလျှင် အကျဉ်းထောင်ထဲမှာ ရှိကြတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေဟာ အကျဉ်းထောင်ထဲမှ နေရသည့်တိုင် အသက် ရှင်သန်ပိုင်ခွင့်နဲ့ မတရားမှုတွေကို ခေါင်းငုံ့မခံခွင့်ကို အပြည့်အဝရရှိမှာ ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတော့ အဓိကထား ပြောလိုပါတယ်ဗျ”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဒေါ်ဇင်မာကြည်အောင် တာဝန်ယူသည့်ကာလအတွင်း ဒိုက်ဦးထောင်ရှိ နိုင်ငံရေးအကျဉ်းသူ အနည်းဆုံး ၃၀ ဦးမှာ ရည်ရွယ် ချက် ရှိရှိ ဖိနှိပ်ခံရမှုများနှင့် ရိုက်နှက်မှုများကို ခံခဲ့ရသည့်အပြင် ဥပဒေမဲ့လှသည့် တိုက်ပိတ်ပြစ်ဒဏ်များကိုပါ ခံခဲ့ကြရခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က အသိပေး ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




