22 C
Yangon

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်က ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး ဖုန်းလိုင်းများပါ ဖြတ်တောက်ထား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး ဖုန်းလိုင်းများပါ ဖြတ်တောက်ထားကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ကစတင်ပြီး လောင်းလုံးမြို့အနီးရှိ ညင်းမော်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် လက်ရှိချိန်ထိ ညင်းမော်ရွာမှ ပြန်လည် ဆုတ်ခွာခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ရေးဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း၊ ယင်း စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခြင်းများကြောင့် စစ်ကြောင်းက ညင်းမော်ရွာအတွင်းမှ ရှေ့ဆက်တိုးနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထိုသို့ စစ်ကြောင်း ဆက်လက် တိုးနိုင်ခြင်းမရှိသောကြောင့် အကြမ်းဖက် စစ်တပ်က လောင်းလုံးမြို့နယ် အတွင်း ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ထားဝယ်မြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းထားပြီး လောင်းလုံးမြို့နယ်အတွင်း ရေလမ်းဖြင့် ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း၊ လောင်းလုံးမြို့နယ်အတွင်း ဖုန်းလိုင်းများကိုလည်း စစ်တပ်က ဖြတ်တောက်ထားကြောင်း သိရသည်။

“အခု စစ်ခွေးတွေက ကြည်း၊ ရေ၊ လေ စစ်ဆင်ရေး ပုံစံမျိုးနဲ့ လောင်းလုံးမြို့နယ် တစ်ခုလုံးကို စစ်ကြောင်းထိုးမယ့် ပုံစံရှိနေတယ်။ အခုလည်း ရဟတ်ယာဉ်တွေ တောက်လျောက်ကို ပျံသန်းနေတယ်။ ရေကြောင်းမှာလည်း စစ်သင်္ဘောတွေ အကုန်လုံး ဖြန့်ကျက်ထားတယ်။ သူတို့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်။ မြို့နယ် တစ်ခုလုံးကိုလည်း ဖုန်းလိုင်းတွေ ဖြတ်ထားတယ်။ အခြေအနေက တော်တော်လေး ရှုပ်ထွေးနေတယ်။ လောင်းလုံးမြို့နယ် တစ်ခုလုံးကို စစ်ဆင်ရေး လုပ်မယ့် ပုံစံမျိုးဖြစ်နေတယ်။ လမ်းကြောင်းတွေလည်း အကုန်လုံးဖြတ်တောက်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း၊ စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး Uzi အမျိုးအစား သေနတ် (၆) လက်၊ G3 အမျိုးအစား သေနတ် (၇) လက်၊ Shot Gun/Smoke gun (၂) လက်၊ ကွန်မန်ဒိုစိန်ပြောင်း(၂) လက်၊ ခြောက်လုံးပြူး (၄) လက်၊ စုစုပေါင်း လက်နက်မျိုးစုံ (၂၁) လက်၊ jampar စက် (၂) လုံး နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article