30 C
Yangon

မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ဝမ်ပေါင်ကြေးနီသယ် ယာဉ်တန်းကို လုံခြုံရေးယူပေးနေသည့် စစ်ကားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်း ဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Area 71 LPDF Monywa တပ်ဖွဲ့ခေါင်း ဆောင် ကိုထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၅၃ မိနစ်က ဆားလင်းမြို့နယ် ဝမ်ပေါင် ကုမ္ပဏီမှ ကြေးနီများ သယ်ဆောင်လာသည့် တွဲကား ၂၃ စီးပါ ယာဉ်တန်းကို လုံခြုံရေးလိုက်ပါဆောင်ရွက် ပေး သော မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ မှ သံပြားကာ၊ Jammer တပ်ဆင်ထား သည့် ယာဉ် ၆ စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာတွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“မနေ့တုန်းက မိုင်းက ၂ ဖွဲ့တိုက်တာ၊ ၂ ဖွဲ့က ရှေ့နောက်တွေ ပြိုင်ဆွဲလိုက်ကြတာ။ အဲဒီကားတန်း မောင်းတဲ့ ၂ ယောက်သေတယ်လို့ကြားတယ်။ ဘယ်အဖွဲ့က မိုင်းကထိတာလဲတော့ မသိရဘူး။ အခု လောလောဆယ်တော့ လမ်းပေါ်မှာ ပြည်သူ့ကားတွေက ပိတ်ထားပြီး လမ်းပေါ်မှာ မိုင်းတွေရှင်းခိုင်း နေတယ်။ ပြီးတော့ မနေ့တုန်းကဆိုရင် အသားလွတ်ကြီး မုံရွေးရွာထဲကို လက်နက်ကြီးနဲ့လှမ်းတယ်။” Area 71 LPDF Monywa တပ်ဖွဲ့ခေါင်း ဆောင် ကိုထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မုံရွာမြို့နယ် – ပကဖ – မိုင်း အဖွဲ့မှ ဦး ဆောင်၍ Area 71. LPDF Monywa နှင့် Golden Peacock Attack Force အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အခုချိန်မှာ စကမက ရွေးကောက်ပွဲလုပ်မယ့် အချိန်မှာ စခတွေက မြို့တွေမှာဆိုရင် မြို့ဝင်ပေါက် တွေမှာ တင်းတင်းကြပ်ကြပ် စစ်ဆေး နေတဲ့အချိန်၊ ကျနော်တို့ PDF တွေကလည်း စကမရဲ့ လုပ် ဆောင်ချက်မှန်သမျှကို အားစိုက်ပြီးတော့ တိုက်ဖျက်သွားမှာဖြစ်တဲ့အတွက် ကျနော်တို့တပ်ဖွဲ့ ထုတ် ပြန်ချက်လေးတွေကို နားစွင့်ပြီးတော့ လိုက်နာပေးကြဖို့ပြောချင်ပါတယ်။ သူတို့က ပြည်သူတွေကိုပဲ ဒုက္ခပေးမှာ PDF တွေလုပ်ရင်လည်း ပြည်သူတွေကို ဒုက္ခပေးမှာ။ ပြည်သူက PDF ကို အမုန်းပွား အောင်တမင်သက်သက်လုပ်နေတာ၊ အဲဒါလေးတွေကြောင့် လမ်းပိုင်းဖြတ်သန်းတဲ့အခါမျိုးမှာ PDF တပ်ဖွဲ့တွေက ထုတ်တဲ့ ကြေညာချက်လေးတွေကို လိုက်နာပေးကြဖို့ တောင်းဆိုချင်ပါတယ်လို့ ပြောချင်တယ်” Area 71 LPDF Monywa တပ်ဖွဲ့ခေါင်း ဆောင် ကိုထွန်းက တိုက်တွန်း ပြောကြား သည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း စစ်ယာဉ်တန်းတစ်ခုကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article