ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့် ကော်သူးလေအုပ်ချုပ်ရေးလုပ်ငန်းများကို ထိထိမိမိလုပ်ဆောင်နေမှုကို “မဲ့ဝါးကလိုး ကြေညာစာတမ်း”ဖြင့် ထုတ်ပြန် ကြေညာကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကော်သူးလေအတွင်းရှိ မြို့နယ်(ကော်ဆာ) ၂၇ မြို့နယ်မှ မြို့နယ်ဥက္ကဋ္ဌ(ကော်ဆာခို)များနှင့် မြို့နယ်ခေါင်းဆောင်များတွေ့ဆုံကာ အချက် ၅ ချက်ပါ ကြေညာစာတမ်းကို ဒုတိယအကြိမ် ထပ်လောင်းကတိကဝတ်ပြုခဲ့ကြောင်း၊ ပထမ အကြိမ်ကိုလည်း ၂ဝ၂၄ ခုနှစ်၊ မေလ ၇ ရက်မှ ၁၁ ရက်နေ့အထိ ကေအဲန်ယူ-ကရင်အမျိုးသား အစည်း အရုံး(ဗဟို) တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး “မဲ့ဝါးကလိုးကြေညာစာတမ်း” ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“အဲဒီမဲ့ဝါးကလိုး ကြေညစာတမ်းထုတ်ပြန်ရတဲ့အကြောင်းအရင်းကတော့ ကျနော်တို့က တော်လှန် ရေး သက်တမ်းအရ နှစ် ၇၀ ၊ ၈၀ ရုန်းကန်တိုက်ပွဲဝင်ခဲ့ရတယ်ဆိုပေမယ့် တချိန်တည်းမှာပဲ အုပ်ချုပ် နယ်မြေတွေအခိုင်အမာရှိပါတယ်။ အဲဒီအုပ်ချုပ်နယ်မြေတွေအပေါ်မှာကို ကျနော်တို့ရဲ့ အုပ်ချုပ်ရေး တွေနဲ့ပဲ တသတ်မတ်တည်းသွားနေတာကို သက်သေပြနေတာပဲဖြစ်ပါတယ်။ သို့သော် ဒီနေ့ ဒီအချိန် ကာလနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဒီထက်ပိုပြီးတော့ အခြေအနေ အချိန်အခါနဲ့ လိုက်လျော ညီထွေမှုရှိတဲ့ အုပ်ချုပ်ရေးလုပ်ငန်းကို ပြန်ပြီးတော့ သုံးသပ်ဖို့ပဲ ဖြစ်ဖြစ်၊ ကျနော်တို့ ထိထိရောက် ရောက်လုပ်နိုင်၊ ကိုင်နိုင်စွမ်းရှိတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်ပဲဖြစ် ကျနော်တို့က ရုန်းကန်နေရတဲ့ အနေအထားတစ်ခုပဲဖြစ်ပါတယ်။ သို့သော် ဒီလိုမျိုးလုပ်ခြင်းအားဖြင့်လည်း ကျနော်တို့ရည်မှန်းထား တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ကော်သူးလေကို တည်ဆောက်တဲ့အခါမှာ ဒီလိုအရေးပါ အ ရာ ရောက်တဲ့ အုပ်ချုပ်ရေးလုပ်ငန်းကို ထိထိရောက်ရောက်နဲ့ ထိထိမိမိ ပိုင်ပိုင်နိုင်နိုင်အုပ်ချုပ်နိုင် တယ်ဆိုတာ သက်သေပြဖို့ အရမ်းလိုအပ်နေတဲ့ အချိန်အခါမျိုးမှာ ဒီလိုမျိုး အုပ်ချုပ်ရေးပိုင်းမှာ တာ ဝန်ရှိတဲ့ မြို့နယ်ဥက္ကဌတွေအားလုံးက စုပေါင်းပြီးတော့၊ ဒါကလည်း ဒုတိယအကြိမ်မြောက်လည်း ဖြစ်ပါတယ်။ ကျနော်တို့ဒီလိုပြန်တွေ့ဆုံပြီးတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ် နိုင်ဖို့ စုဝေးတိုင်ပင်ပြီးတော့ လုပ်ဆောင်နေတဲ့ အခင်းအကျင်းလေးပဲဖြစ်ပါတယ်။” ဟု KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သောတန်ဖိုး ထားမှု များကို အုပ်ချုပ်ရေး မူဘောင်အုတ်မြစ်အဖြစ် အသိအမှတ်ပြုပြီး ဖွဲ့စည်းပုံ၏ အရေးပါမှုကို အသိ အမှတ်ပြုကြောင်း၊ယင်းမူများကို လိုက်နာခြင်းသည် မယိမ်းယိုင်သော လုပ် ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်များကို လမ်းညွှန်ပေးသည့် မီးရှူး တန်ဆောင်တစ်ခု အဖြစ် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။
ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း၌ အုပ်ချုပ်ရေး စံနှုန်းများ မြှင့်တင်ခြင်းဖြင့် ဆက်လက် လျှောက်လှမ်းသွားမည်ဖြစ်ပြီး မရှိမဖြစ် အရေးပါသည့် ကောင်းမွန်သော အုပ်ချုပ်မှုအလေ့အကျင့် များကို လက်ခံကျင့်သုံးခြင်း၊ စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များတွင် အောက်ခြေမှအထက်သို့ (Bottom up) အုပ်ချုပ်မှု စံနှုန်းများနှင့်အညီ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် စီမံအုပ် ချုပ်ရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ရေးအတွက် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။
ပြည်သူလူထု၏အသံများကို ကောင်းစွာ နားထောင်၍ ပြည်သူလူထု၏အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ပြီး ပြည် သူလူထုများ၏ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာ၊ လွတ်လပ်ခွင့်နှင့် နိုင်ငံရေးအခွင့်အရေးများတို့ကို ရယူကာကွယ်ပေး၍ ၎င်းတို့၏ အခွင့်အရေးများအား ပြည်သူလူထုနှင့်အတူ စုပေါင်း အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် မတူကွဲပြားမှု များကို အသိအမှတ်ပြုပြီး ကော်သူးလေကို ထူထောင်ခြင်းဖြင့် စုံလင်ပြည့်ဝသော အမွေအနှစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ကော်သူးလေ စီမံအုပ်ချုပ်နယ်မြေ တစ်ခုလုံး အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာ စေရန်အတွက် စည်းလုံးညီညွတ်မှုအင်အားကို အသိအမှတ် ပြုခြင်းဖြင့် မြို့နယ်များအကြား ပူးပေါင်း ပါဝင် ဆောင်ရွက်မှု၊ ကြိုးပမ်းမှုများကို မြှင့်တင်ခြင်းနှင့် တတ်သိပညာရှင်များအား ပါဝင်ဆောင်ရွက် စေ၍ စုပေါင်းကျွမ်းကျင်မှုများဖြင့် စွမ်းဆောင်ရည်များ မြှင့်တင်ခြင်း တို့ကို ပြည်သူလူထုများနှင့် အတူတကွ ပူးပေါင်းပါဝင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်အသိပေးထားသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှု ဘဝဖူလုံရေးတို့နှင့်အတူ စီးပွားရေးတိုးတက်မှုကို လိုက်လျောညီထွေဖြစ်စေသော ရေရှည် တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေး အလေ့အကျင့် များကို လွှမ်းခြုံထားပြီး အရင်းအမြစ်များကို အနာဂါတ်မျိုးဆက်များအတွက် ထိန်းသိမ်းစောင့်ရှောက် လျက် ရေရှည်သာယာဝပြောရေးကို မြှင့်တင်ပေးသည့် ခြေလှမ်းများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကတိကဝတ် ပြုထားသည်။
တိုးတက်မှုဆီသို့ သွားနိုင်ရန် ခရီးလမ်းသည် စဉ်ဆက်မပြတ် တိုးတက် ပြောင်းလဲနေသည်ကို အသိ အမှတ်ပြုကြောင်း၊ ထို့ကြောင့် အုပ်ချုပ်မှု အလေ့အကျင့်များကိုလည်း ပြည်သူလူထုများ၏ လိုအပ် ချက်များနှင့် မျှော်မှန်းချက်များနှင့်အညီ စဉ်ဆက် မပြတ်လေ့လာသင်ယူခြင်း၊ လိုက်လျော ညီထွေမှုရှိ စေခြင်းဖြင့် တိုးတက်ဖွံ့ဖြိုးမှု တို့ကို တာဝန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်မံ ကတိပြုထား သည်။
ယခုထုတ်ပြန်လိုက်သည့် အခြေခံမူများကို မြဲမြံစွာကိုင်စွဲ၍ အနာဂါတ်မျိုးဆက်များအတွက် သာ ယာ ဝ ပြောသော၊ အားလုံး ပါဝင်နိုင်သော၊ တောင့်တင်းခိုင်မာကျစ်လစ်သော ကော်သူးလေကို တည် ဆောက်နေခြင်း ဖြစ်ကြောင်းနှင့် စည်းလုံးညီညွတ်သော စိတ်ဓာတ်ဖြင့် အခိုင်အမာ ရပ်တည်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။






