ရန်ကုန်၊ နိုဝင်ဘာ ၁၈
မြန်မာ့အရေး ဖြေရှင်းရေးအတွက် အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက လုပ်ဆောင်ခဲ့သည့် လမ်းကြောင်းကို အခြေခံ၍ ဆက်လက် ကိုင်တွယ်ဆောင်ရွက်မည်ဟု အာဆီယံဥက္ကဋ္ဌ သစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးMa. Theresa Lazaro ကပြောဆိုလိုက်သည်။
ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ သစ်အနေဖြင့် အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
“လက်ရှိရည်မှန်းချက်ကတော့ မလေးရှားက အရင်နှစ်တွေမှာ လုပ်ဆောင်ခဲ့တဲ့ လမ်းကြောင်းကို အခြေခံ တည်ဆောက်မှာဖြစ်ပါတယ်။ မလေးရှားက ထိတွေ့ဆကဆံမှုပေါင်း ၁၇၀ လောက် လုပ်ဆောင်ခဲ့ပြီး မလေးရှားက လုပ်ဆောင်နိုင်ခဲ့တဲ့အရာရာတိုင်းကို ဖိလစ်ပိုင် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ကျမတို့အနေနဲ့ ထူထောင်ပြီးသား လမ်းကြောင်းပေါ်မှာ ဆက်လက် အလုပ်လုပ်သွားမှာပါ။ အဲဒါကတော့ ဖိလစ်ပိုင်ရဲ့ အမြင်နဲ့ ရပ်တည်ချက်ပါ” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။
စစ်တပ်၏ ရွေးကောက်ပွဲနှင့် အာဆီယံတွင် ရေရှည် အထူးသံတမန် ထားရှိရေး ကိစ္စများကို လာမည့် ဇန်နဝါရီလတွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သူမက ဆိုသည်။
လတ်တလော အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံက မြန်မာစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲသို့ အာဆီယံအဖွဲ့အနေဖြင့် လေ့လာစောင့်ကြည့်သူ စေလွှတ်မည်မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုသည်။




