20 C
Yangon

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော် ပြာကျ၊ တိုက်ပွဲများလည်း ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၇၀ ကျော် ပြာကျကာ တိုက်ပွဲများလည်း ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလပိုင်းမှ စတင်ပြီး သရက်ချောင်းမြို့နယ်နှင့် ထိစပ်လျက်ရှိသော ပလောက်မြို့ တကြောရှိကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ခန့်မှ စတင်ပြီး မင်းဒပ်ရွာကို ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၇၀ ကျော်ပြာကျခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက သရက်ချောင်းမြို့နယ် အောက်ဘက်ခြမ်းပေါ့။ ပလောက်မြို့ တကြောမှာရှိတဲ့ ရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့နေတာ သက်ရက်ချောင်းမြို့နယ် အထက်ဘက်ခြမ်းမှာလည်း စစ်ခွေးစစ်ကြောင်းကရှိတယ်။ အခုရွာတွေကို မီးရှို့နေတဲ့ စစ်ခွေးတွေက အောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ကောင်တွေ စစ်ခွေးတွေမီးရှို့လို့ မင်းဒပ်ရွာက နေအိမ် ၇၀ ကျော်ပြာကျသွားတယ်လို့ သိရတယ်” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။

ထို့ပြင် သရက်ချောင်းမြို့နယ်၊ ဝင်းဝတံတားအနီးတွင် ၂ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ပုတီးတစ်လုံးတပ်ဖွဲ့က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၀ ရက် ညပိုင်းတွင် သရက်ချောင်းမြို့မှ အင်အားအလုံးအရင်းဖြင့် ထွက်လာသော အ ကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဝင်းဝတံတားအနီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ၂ ကြိမ် ထပ်ဖြစ်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၄ တပ်ရင်း ၁၂ တပ်ခွဲ့၂ ပုတီးတစ်လုံး တပ်ဖွဲ့နှင့် ကစယ်ဒိုကျားတပ်တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန်မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article