မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ထွက်လာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၉၀၃ တပ်ရင်း ၏တပ်ရင်းမှူး ဗိုလ်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၂၁ မိနစ်ခန့်အချိန် နတ်မောက်မြို့နယ် ကျောက်တန်းကျေးရွာအနီး တုံးလုံးကိုယ်တော်လမ်းဆုံ မှသရက်ချောင်းကံလှကျေးရွာဘက်သို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို PDF ဗျူဟာ ၁၇ တပ်ရင်း ၉၀၃ မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း တိုက်ပွဲမှာ မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“အဲတိုက်ပွဲမှာ စစ်ခွေးတွေဘက်က သေဆုံးတာ ခန့်မှန်းခြေ ၁၀ ဦးလောက်ရှိတယ်။ စစ်ခွေးတွေနဲ့ တိုက်ပွဲကထပ်ဖြစ်နိုင်တယ်။ တောင်ပေါ်နဲ့ တောင်အောက်ဆိုတော့ သူတို့အထိနာမှာ စစ်ခွေးဘက်က လက်နက်ရရှိတာမျိုးတော့မရှိဘူး။ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်ဖို့ရှိပါတယ်။ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ပါတယ် ” ဟု အမှတ် ၉၀၃ တပ်ရင်းမှတပ်ရင်းမှူး ဗိုလ်အောင်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၉၀၂ တပ်ဖွဲ့ ၊ နတ်မောက် ပကဖ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အညာဒေသတိုက်ပွဲများတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများကို မြင်တွေ့ရစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




