ရန်ကုန်၊ နိုဝင်ဘာ ၂၅
အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်ပြီး တပ်မတော်(လေ)မှ ဗိုလ်ချုပ်ထွန်းဝင်းကို အစားထိုးခန့်အပ်လိုက်ကြောင်း လေတပ်အသိုင်းအ၀ိုင်းနှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးကို လာဘ်ပေးလာဘ်ယူမှု၊ စစ်ဆင်ရေးတာဝန်မကျေမှုများဖြင့် ခေါ်ယူ စစ်ဆေးစဉ် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့်ပတ်သက်သော အရှုပ်တော်ပုံများ ပေါ်ပေါက်လာကြောင်း၊ ထို့ကြောင့် စစ်ဦး စီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို စစ်ဘက်ရာထူးမှ အနားပေးကာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်ကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၏ ရာထူးနေရာဖြစ်သော စစ်ဦးစီးအရာရှိချုပ်(လေ)ရာထူးကို တပ်မတော်( လေ)မှ ဗိုလ်ချုပ် ထွန်းဝင်းကို အစားထိုးခန့်အပ်လိုက်ကြောင်း သိရှိရသည်။
“အခုရက်ပိုင်း စိုးဝင်းနဲ့ လေတပ်အသိုင်းအဝိုင်းနဲ့ နည်းနည်း ကတောက်ကဆဖြစ်နေတယ်။ အဓိက နမခက စစ်တိုင်းမှူးကို အမှုစစ်ရင်းနဲ့ အဲဒါတွေက် ဆက်ပြီးတော့ တွဲပြီးတော့ ပေါ်လာတာလို့ သိရတယ်။ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပို့တယ်။ အစာထိုးမယ့် တပ်မတော် (လေ) ဗိုလ်ချုပ်ထွန်းဝင်းနဲ့ပတ်သက်လို့ လေတပ်အသိုင်းအဝိုင်းက ပြောတာကတော့ သူက အထက်ဖား အောက်ဖိပဲလို့သိရတယ်။ အသစ် စစ်ဦးစီးအရာရှိချုပ်(လေ) က လူကြီးကိုပဲ ဖားဖို့ စဉ်းစားတတ်တာ။ အဲဒီတော့ အောက်က ပျံသန်းရေး Pilot တွေနဲ့ မြေပြင် Crew တွေနဲ့ပါ ပြဿနာတွေ ဘာတွေ ဖြစ်လာနိုင်တယ်လို့ မှန်းဆတယ်။ ပြီးရင် အခု စစ်ဦးစီး အရာရှိချုပ်လေ ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နဲ့ ဆက်စပ်ပြီး ဟုမ္မလင်း လေတပ်စခန်း ဌာနချုပ်က လေတပ်စခန်းမှူး၊ နာမည်တော့ စိစစ်နေဆဲပဲ။ သူပါ အလားအလာ မကောင်းဘူးလို့ ပြောတယ်။ အနေအထားကတော့ ပြုတ်တာမျိုး မဟုတ်ဘဲနဲ့ အရပ်ဘက်တွေကို ပို့တဲ့ အနေအထားမျိုးတွေ ဖြစ်နိုင်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
လက်ရှိ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို ရာထူးမှ အနားပေး နေရာရွှေ့ပြောင်းမှုကြောင့် ၎င်းနှင့်ဆက်စပ်နေသောဟုမ္မလင်း လေတပ်စခန်းမှ အရာရှိကြီးများလည်း စစ်ဆေးခံရမည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရသည်။
“လေတပ်ဦးစီးချုပ် အချိန်းအပြောင်းဖြစ်လာတဲ့အတွက် နောက်ပိုင်း လေတပ်စခန်းချုပ်မှူးတွေ၊ စခန်းမှူးတွေပါ အချိန်းအပြောင်းတွေ ရှိလာနိုင်တယ်။ အခုသူတို့က လေတပ်ကိုပါ Reform လုပ်တဲ့ အနေအထားမျိုးလို့တော့ မြင်တယ်။ သေချာတာတော့ ငြိတာတော့ ငြိတယ်။ ငြိလို့မို့လို့ အရပ်ဘက်ကို ပြောင်းတယ်။ ပထမဦးစားပေးကတော့ ဟုမ္မလင်းလေတပ်စခန်းကလည်း သူလည်း အရပ်ဘက်လေတပ်စခန်းကို ပြုတ်မလား ဒါတော့ စောင့်တော့ ကြည့်နေတုန်းပဲ ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။




