ရန်ကုန်၊ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ DKBA ထိန်းချုပ်ထားသော မင်းလက်ပံကျေးရွာမှ ကျားဖြန့် အလုပ်သမား ၁၀၀၀ ကျော်က သောင်းရင်းမြစ်ဖြတ်ကူး၍ ထိုင်းနိုင်ငံသို့ ဝင်ရန် ကြိုးစားသော်လည်း ထိုင်းစစ်တပ်က အဝင်မခံ၍ မြန်မာဘက်အခြမ်း ကမ်းနဖူးတွင် သောင်တင်နေကြောင်း ထိုင်းသတင်းများနှင့် နယ်စပ်သတင်းများအရ သိရှိရသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ ညပိုင်း မင်းလက်ပံကျေးရွာရှိ ကျားဖြန့် အလုပ်ရုံများမှ ထွက်ပြေးလာသော နိုင်ငံခြား ၁၀၀၀ ကျော်မှာ သောင်ရင်းမြစ်ကို ဖြတ်ကူး၍ ထိုင်းနိုင်ငံထဲသို့ ဝင်ရန် ကြိုးစားခဲ့ကြကြောင်း၊ သို့ရာတွင် ထိုင်းစစ်တပ်က အဝင်မခံဘဲ တစ်ညလုံး စောင့်ကြည့်နေခဲ့ကြောင်း သိရှိရသည်။
“မနေ့ညက သောင်းရင်းမြစ် ကမ်းနဖူးမှာ နိုင်ငံခြားသား ၁၀၀၀ ကျော်တယ်။ ထိုင်းဘက်ကို ဝင်ဖို့ ကြိုးစားတာ။ မင်းလက်ပံကနေ လာကြတာ။ ထိုင်းက အဝင်မခံဘူး။ ထိုင်းနိုင်ငံသားတွေကိုတော့ ပြန်လက်ခံတယ်” ဟု ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာတွင် KNU နှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ဗျူဟာမှူး နိုင်လွင် ဦးဆောင်သော တပ်များနှင့် DKBA မှ စိုင်းကျော်လှ ဦးဆောင်သော ပူးပေါင်းတပ်များက မင်းလက်ပံရှိ KNU တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် DKBA စခန်းကို KNU က သိမ်းပိုက်နိုင်ခဲ့ပြီး DKBA တပ်ဖွဲ့ဝင် ၂၃၀ ကျော် လက်နက်ချခဲ့ကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
KNU က DKBA တပ်များ တပ်စွဲထားသော အထပ်ထပ်သော လုံခြုံရေး အစီအမံများနှင့် ကြီးမားသော ဂိတ်များပါရှိသည့် လုံခြုံရေးအဆင့်မြင့်သော ခြံဝင်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ပြီး လူရာပေါင်းများစွာကို တရားမဝင် ချုပ်နှောင်ထားသည့် ကျားဖြန့် အလုပ်ရုံများကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အလုပ်ရုံများမှ အခြေအနေများကို စုံစမ်းဖော်ထုတ်ရန် နိုင်ငံတကာသို့ KNU က အရေးပေါ် အကူအညီတောင်းခံခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





