ရန်ကုန်၊ နိုဝင်ဘာ ၂၆
အကြမ်းဖပ်စစ်တပ်၏ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ခေတ်သစ်ကျွန်ပြုခြင်း၊ လူကုန်ကူးခြင်း၊ ဆိုက်ဘာရာဇဝတ်မှုနှင့် နယ်စပ်ဖြတ် ကျော်ရာဇဝတ်မှု ခင်းများ ပျော်စံရာ ရပ်ဝန်းတစ်ခု ဖြစ်လာနေကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ပြန်လည်သုံးသပ် ဆွေးနွေးသည့် အဆင့်မြင့်အစည်းအဝေး တွင် သံအမတ်ကြီးက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
အကြမ်းဖက် စစ်အုပ်စုက ပြည်တွင်းတရားရေးယန္တရားကို ပြိုလဲပျက်စီးအောင်လုပ်ဆောင်ခဲ့သဖြင့် အုံလိုက်ကျင်းလိုက် စနစ်တကျလူကုန်ကူးခံရသည့်အခြေအနေကို ကြီးထွားလာစေခဲ့ကြောင်း၊ ခေတ်သစ်ကျွန်ပြုခြင်း နှင့် ရှုပ်ထွေးသော ဆိုက်ဘာရာဇဝတ်မှုများသည်လည်း တဟုန်ထိုးပွားများလာကာ မြန်မာနိုင်ငံအား နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုခင်းများ ပျော်စံရာရပ်ဝန်းတစ်ခု ဖြစ်လာစေခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် စစ်အာဏရှင်စနစ်နှင့် တရားမဝင်စစ်အာဏာသိမ်းမှုမှာပြဿနာ၏ဇစ်မြစ်ဖြစ်ကြောင်း သံအမတ်ကြီးက သတိပေးသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးခြင်းပြဿနာသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ အဓမ္မ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ခြင်းကြောင့် တိုက်ရိုက်ဖြစ်ပေါ်လာခဲ့သော ပြိုလဲပျက်စီးနေသည့် အနေအထားအား ပြသပေးသော လက္ခဏာတစ်ရပ်ပင်ဖြစ်ကြောင်း၊ UNODC ၏ ဒေသတွင်း သုတေသီတစ်ဦးဆိုလျှင် စစ်အာဏာရှင်စနစ်ဆိုးကြောင့် ရာဇဝတ်မှုခင်းများ ကင်ဆာရောဂါသဖွယ် ပြန့်ပွားနေသည်ဟု အတိအလင်း ထောက်ပြထားကြောင်း၊ စစ်အာဏာရှင်စနစ်ဆိုး၊ မတရား စစ်အာဏာသိမ်းမှုနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ အပြီးတိုင် ချုပ်ငြိမ်းမှသာလျှင် ပြဿနာအား ဖြေရှင်းနိုင်မည်မှာ ရှင်းလင်းမြင်သာကြောင်း သူက ဆက်ပြောသည်။
ကိုယ့်ပြည်သူများကို ကိုယ်တိုင် ပြန်လည် ဗုံးကျဲသတ်ဖြတ်နေပြီး အကြောက်တရား ခြုံလွှမ်းစေကာ ဖိနှိပ် ကန့်သတ်ချုပ်ကိုင်မှုများ ပြည့်နှက်စွာ ပြုလုပ်နေသည့်သူများက စီစဉ်နေသော လုပ်ငန်းစဉ်တစ်ခုသည် မည်သို့မျှ လွတ်လပ်၊ မျှတ၌ အားလုံးပါဝင်မည့် ရွေးကောက်ပွဲတစ်ခု ဖြစ်မည်မဟုတ်ဘဲ လိမ်ညာလှည့်ဖြားမှုတစ်ခုသာဖြစ်ကြောင်း၊ အဆိုပါ အတုအယောင် ရွေးကောက်ပွဲသည် အကျပ်အတည်းအား ဖြေရှင်းပေးမည် မဟုတ်ဘဲ အကြမ်းဖက်မှုများ ပိုမို တိုးပွားစေကာ မတည်ငြိမ်မှုအား အဓွန့်ရှည်စေမည်ဖြစ်ပြီး တရားမဝင် လူကုန်ကူးမှု ကွန်ယက်များကို ပိုမို ပွားများစေမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
စစ်အုပ်စုက ကျယ်ပြန့်စွာ စနစ်တကျ ကျူးလွန်လျက်ရှိသော အရပ်သားပြည်သူများအပေါ် မဆင်မခြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်း၊ အဓမ္မ တပ်သား စုဆောင်းခြင်းနှင့် ပျံ့နှံ့နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် မြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ၃ ဒသမ ၆ သန်းခန့်သော ပြည်သူများအနေဖြင့် ပြည်တွင်း၌ နေရပ် စွန့်ခွာ နေထိုင်နေရကြောင်း၊ထိုသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေစဉ်တွင်လည်း ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် ရိုဟင်ဂျာများအပါအဝင် လူနည်းစုများအနေဖြင့် လူကုန်ကူးခံရမည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊ မကြာသေးမီက တွေ့ရှိရသည့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ တရားမဝင် ဖယ်ထုတ် ရောင်းချခြင်း ဖြစ်စဉ်များမှာ ထိတ်လန့်ဖွယ်ကောင်းလွန်းကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ဆိုင်ရာရုံး (UNODC) ကလည်း မြန်မာနိုင်ငံက ဗဟို အချက်အခြာကျသည့် စင်မြင့်တစ်ခုဖြစ်လျက် အရှေ့တောင်အာရှဒေသတွင် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော အတင်းအကျပ် ရာဇဝတ်မှု ကျူးလွန်ရန်စေခိုင်းသည့် ဖြစ်ရင်းမှန် အခြေအနေကို မီးမောင်းထိုး ထုတ်ဖော်ပြောဆိုထားကြောင်း၊ နိုင်ငံပေါင်းမြောက်များစွာမှ နစ်နာသူများ၏ စာရင်းသည်ပင်လျှင် ပြဿနာ၏ ဆိုးရွားမှု အတိမ် အနက်နှင့် ဒေသတွင်းနှင့် အခြားနေရာများသို့ပါ ကျော်လွန်၍ ခြိမ်းခြောက်လာနေသည့်အချက်ကို ဖော်ကျူးပြသနေကြောင်း၊ ကမ္ဘာပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်မျှ ဤမျှ အန္တရာယ်ကြီးမားသော နိုင်ငံတကာ ရာဇဝတ်မှု ထံမှ ဘေးကင်းလွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အဆိုပါပြဿနာအတွက် မကြာသေးမီကပင် အရေးယူ လုပ်ဆောင်ခဲ့သော အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာမှ ပါဝင် ပတ်သက်နေသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိလိုပါကြောင်း၊ ယင်းလုပ်ဆောင်ချက်များ သည် အကာအကွယ်ပေးခြင်း (Protection)၊ ဖမ်းဆီးခြင်း (Prosecution) နှင့် မိတ်ဖက်ပူးပေါင်း လုပ်ဆောင်ခြင်း (Partnership) ဟူသော “P” ၃ ခုနှင့် ကိုက်ညီမှု ရှိပါကြောင်း၊ သို့သော်လည်း ထုထည်ကြီးမားသည့် ရာဇဝတ်ဂိုဏ်းများအား တိုက်ဖျက်ဖြိုခွဲနိုင်ရန် ပိုမို ခိုင်မာ သော အရေးယူဆောင်ရွက်ချက်များ လိုဆောင်ရမည်သာဖြစ်ကြောင်း၊ မြန်မာအရေးကိစ္စနှင့်ဆက်စပ်လျှင် ပြဿနာ၏ဇစ်မြစ်အား ရှင်းလင်းစွာ သိရှိထားရမည်ဖြစ် ကြောင်း အတိအလင်း ထောက်ပြသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆိုး၊ မတရား စစ်အာဏာသိမ်းမှုနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့ အပြီးတိုင် ချုပ်ငြိမ်းမှသာလျှင် ပြဿနာအား ဖြေရှင်းနိုင်မည်မှာ ရှင်းလင်းမြင်သာကြောင်း၊တစ် ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း များအနေဖြင့် အွန်လိုင်းလိမ်လည်မှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများအား တိုက်ဖျက် သွားရန် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားမည်ဟု ခိုင်မာစွာ ရပ်တည်ထားပြီးဖြစ်ကြောင်း သံအမတ်ကြီးက ထုတ်ဖော်ပြောဆိုသွားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







