မြန်မာနိုင်ငံတွင် စစ်တပ်က ရွေးကောက်ပွဲအကြိုကာလအတွင်း ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား- IIMM က သတိပေးသည်။
မြန်မာစစ်အာဏာပိုင်များက ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအကြိုကာလအတွင်း မြန်မာနိုင်ငံတွင် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သတင်းပေးပို့ချက်များ တိုးလာနေကြောင်း ၊ လူထုအကြားတွင် အကြောင်းတရား ပြန့်ပွားစေရန် စစ်တပ်က ရာဇဝတ်မှုများကို ကျူးလွန်နေကြာင်း သိရှိရသည်။
“လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကျင်းပတာ၊ ဒါမှမဟုတ် နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာက ယန္တရားရဲ့လုပ်ပိုင်ခွင့်ထဲမှာ ပါဝင်တဲ့ ရာဇဝတ်မှု မဟုတ်ပါဘူး။ ယန္တရားရဲ့ လုပ်ပိုင်ခွင့်မှာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ လူမျိုးပြုန်းတီးစေမှုတွေမှာ ပါဝင်ပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်စေနိုင်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လူထုကြားမှာ အကြောက်တရား ပြန့်ပွားစေတဲ့အကြောင်း စိတ်ပူစရာကောင်းတဲ့ သတင်းပေးပို့ချက်တွေကို ယန္တရားက လက်ခံရရှိထားပါတယ်” ဟု IIMM ၏ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားခဲ့သည်။
မြန်မာစစ်အာဏာပိုင်များက ရွေးကောက်ပွဲကို ဝေဖန်ရုံသက်သက်မျှကို ရာဇဝတ်မှုအဖြစ်သတ်မှတ်သည့် ဥပဒေတစ်ရပ်ကို ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ပြီး သေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရှိရသည်။
လူမှုကွန်ရက်တွင် ရွေးကောက်ပွဲကို ဝေဖန်ခြင်းနှင့် ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်ဆိုသည့်စွပ်စွဲချက်များဖြင့် အဆိုပါဥပဒေကို အသုံးပြုကာ ကလေးများအပါအဝင် လူအများအပြားဖမ်းဆီးခံရသည်ဆိုသော သတင်းပေးပို့ချက်များကို ယန္တရားက စုဆောင်းထားကြောင်း၊ ယန္တရားသည် ဥပဒေကြောင်းအရ အခြေအမြစ်မရှိဘဲ သို့မဟုတ် ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများမပါဘဲ ဖမ်းဆီးထောင်ချသည့် အထောက်အထားများကို စုဆောင်းနေကြောင်း သိရှိရသည်။
မြန်မာစစ်တပ်သည် လက်နက်ကိုင်တပ်ဖွဲ့များ လက်ရှိထိန်းချုပ်ထားသည့်နယ်မြေများကို ပြန်လည်သိမ်းယူပြီး ရွေးကောက်ပွဲကျင်းပနိုင်သည့် နေရာများချဲ့ထွင်ရန်အတွက် အရပ်သားပြည်သူများနေထိုင်သည့်ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ တိုးမြင့်လုပ်ဆောင်နေသည်ဆိုသော သတင်းပေးပို့မှုများကိုလည်း ယန္တရားက စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရှိရသည်။
“အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်မက်ဥပဒေချိုးဖောက်မှုဖြစ်တယ်ဆိုတာ အဖွဲ့တွေအားလုံးကို ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ အရပ်သားတွေကိုမရှောင်ရှားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေသာမက၊ နိုင်ငံရေးကိုယ်စားလှယ်လောင်းတွေနဲ့ မဲရေတွက်သူတွေလိုမျိုး ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို တိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်ပါတယ်။ ဒီရာဇ၀တ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့အတွက် အထောက်အထားတွေကို ကျွန်တော်တို့ အားသွန်ခွန်စိုက် စုဆောင်းနေပါတယ်” ဟု နီကိုလတ်စ်ခွန်ဂျန်က ပြောကြားသည်။
မြန်မာပြည်သူများအနေဖြင့် စစ်တပ်က ကျူးလွန်သော ရာဇဝတ်မှုအချက်အလက်များ လက်ဝယ်ရရှိထားပါက IIMM ၏ Signal နံပါတ် +41 76 691 12 08 သို့ ဆက်သွယ်နိုင်ကြောင်း၊ အချက်အလက်မျှဝေသူများ၏လုံခြုံရေးကို ဦးစားပေးရန်နှင့် ဘေးကင်းလုံခြုံသည့်အချိန်မှသာ ဆက်သွယ်ရန် IIMM က မေတ္တာရပ်ခံသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်တပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




